မိုင်းယု နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်ပေါက်ကျေးရွာနှင့် ဝမ်ယမ်းခမ်းကျေးရွာတို့၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းကောက်ယူခဲ့ကြသည်။
ယင်းတိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို မိုင်းယုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဦးစိုင်းဆွမ်ဆိုင်းနှင့် ရပ်/ကျေးစာရေး ဦးအေးကိုတို့က ဝမ်ပေါက်ကျေးရွာနှင့် ဝမ်ယမ်းခမ်းကျေးရွာရှိ မွေးမြူသူအိမ်ထောင်စုတစ်စုခြင်းအလိုက် လူတွေ့မေးမြန်းခြင်းဆိုင်ရာ အချက်အလက်များ၊ ပုံစံစာရွက်များကို အသုံးပြု၍ စနစ်တကျ တွေ့ဆုံမေးမြန်း ကောက်ယူခဲ့ကြသည်။
တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုစာရင်းများ အတည်ပြု ထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်သောစာရင်းရရှိရေးအတွက် တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်းလုပ်ငန်းများကို ငါးနှစ်တစ်ကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် ကောက်ယူခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အားချာ