မိုးကောင်း အောက်တိုဘာ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ရှိ မဲရုံများတွင် မဲရုံမှူးနှင့်ဒုမဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင် ကြမည့် ပညာရေးဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီတွင် မိုးကောင်းမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ သင်တန်းပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မဲရုံမှူးနှင့်ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲရုံခင်းကျင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ၊ မဲပေးခြင်းလုပ်ငန်းအတွက် စစ်ဆေးမည့်အချက်များ၊ မဲရုံဖွင့်/ပိတ်ခြင်း၊ ဆန္ဒမဲပေးခြင်းနှင့် မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်ရှိသူများ၊ မသန်စွမ်းသူများနှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင် မဲပေးခြင်းဆိုင်ရာများ၊ မဲရုံပြင်ပ တာဝန်ထမ်းဆောင်မည့်သူများ၏ လုပ်ငန်းစဉ်များ၊ ဆန္ဒမဲရေတွက်ခြင်းနှင့် ပုံစံများဖြည့်သွင်းခြင်းတို့ကို သင်တန်း နည်းပြ(၇)ဦးတို့က ပို့ချသင်ကြားမည်ဖြစ်သည်။
မိုးကောင်းမြို့နယ်ရှိ မဲရုံ(၇၀)ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်း(၁၃၄၈)ဦးရှိ၍ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းများကို (၂၂-၁၀-၂၀၂၀)ရက်နေ့မှ (၂၅-၁၀-၂၀၂၀)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး မဲရုံအဖွဲ့ဝင်သင်တန်းများအတွက် ဆင့်ပွား သင်တန်းကို (၁-၁၁-၂၀၂၀)ရက်နေ့မှ (၃-၁၁-၂၀၂၀)ရက်နေ့ထိ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)