လားရှိုးမြို့တွင် ရောက်ရှိနေကြသော ယာယီနေရပ်စွန့်ခွာသူများအတွက် ကျန်းမာရေးလိုအပ်ချက်များကို ကျန်းမာရေးဝန်ထမ်းများနှင့်ကြက်ခြေနီအသင်းခွဲမှ ကူညီဆောင်ရွက်ပေးလျက်ရှိ

လားရှိုး နိုဝင်ဘာ ၆

လားရှိုးမြို့နယ်အနီး ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် လိုအပ်သည့် ဆေးဝါးလိုအပ်မှုများနှင့် ကျန်းမာရေးလိုအပ်ချက်များအတွက် ကူညီမှုပေးနိုင်ရန် လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲမှ ကူညီဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။

“ ကျွန်တော်တို့ကတော့ ယာယီတိုက်ပွဲရှောင်ပြည်သူတွေ မန်ဆူကျောင်းမှာ ဘယ်လောက်ရောက်နေပြီလဲ။ ဘယ်ရွာကလာတာလဲစသဖြင့်ပေါ့ တိကျတဲ့သတင်းအချက်အလက်တွေ ကောက်ပေးပါတယ်။ ကျန်းမာရေးကတော့ ယာယီနေရပ်စွန့်ခွာသူတွေအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေပေးတာပေါ့။” ဟု လားရှိုးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

လားရှိုးမြို့သို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား ဆေးရုံသို့ ဆေးဝါးကုသရန်အတွက် သွားရောက်ရန်လိုအပ်ပါက ကြက်ခြေနီယာဉ်ဖြင့် သွားရောက်ပို့ဆောင်ပေးမှုများလည်း ပြုလုပ်ပေးကြောင်း သိရသည်။

ထို့ပြင် ယာယီနေရပ်စွန့်ခွာသူများအတွက် လိုအပ်သည့် ကျန်းမာရေးထောက်ပံ့ပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီနေရပ်စွန့်ခွာသူဦးရေ နှစ်ထောင်ဝန်းကျင်ခန့်ထိ ရောက်ရှိခိုလှုံနေကြရကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)