ဆီဆိုင် နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးအဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက ကျေးရွာများသို့ တိရစ္ဆာန်ကောင်ရေစာရင်းများအား ဆက်လက် စာရင်းကောက်ယူပြုစုလျက်ရှိကြောင်း သိရသည်။
တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းသည် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ စာရင်း ကောက်ယူခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈)အုပ်စုမှ ကျေးရွာ (၃၇)ရွာ၊ မြို့ပေါ်ရပ်ကွက် (၁)ရပ်ကွက်၊ အိမ်ထောင်စု (၄၀၀၀)စုကို စာရင်းကောက် (၁၀၀)ဦးဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်နေမှုများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာအောင်ကျော်စိုးနှင့် ဝန်ထမ်းများက အနီးကပ် ကြီးကြပ် ဆောင်ရွက် လျက်ရှိပြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)