မိုင်းဖြတ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် အသိပညာပေး ဟောပြောပွဲ ပူးပေါင်းဆောင်ရွက်

မိုင်းဖြတ် နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် အသိပညာပေးဟောပြောပွဲများ ပူးပေါင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၅ရက်နေ့ နံနက် ၁၀နာရီက ဆီမွန်းကျေးရွာအုပ်စု၊ လပ်ကတ်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က အရွယ်ရောက်ပြီးသူ ကလေးသူငယ်အားလုံး ကျောင်းအပ်နှံရေး၊ ကျောင်းနေမှသာလျှင် စာပေများကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်မည်ဖြစ်ကြောင်းနှင့် စာတတ်သူနှင့် စာမတတ်သူ၏ လူနေမှုဘဝ ကွာခြားပုံများကို ပညာပေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်း  ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား ပပျောက်စေရေးအတွက် လိုက်နာရမည့် အချက်များကို ရှင်လင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်မောင်က အရွယ်မရောက်သေးသူ ကလေးသူငယ်များကို အလုပ်လုပ်ခိုင်းခြင်း မပြုစေရေး၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျေးရွာနေပြည်သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသသည့် စာအုပ်ပြပွဲများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ရှင်းလင်းပညာပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)