မာန်အောင် နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ငအင်းကျေးရွာအုပ်စု၊ မင်းရပ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ အခြေပြုလျက် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့)ဆေးကုသပေးခဲ့သည်။
ထိုသို့ ဆေးကုသရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးခန်းမှူးဦးမြင့်ဦးက ကျေးလက်နေ ပြည်သူများအား တိုင်းရင်းဆေးအကြောင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး ကျေးလက်နေ ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဒူးနာ၊ ခါးနာ၊ ချောင်းဆိုး၊ လေထိုး၊ လေအောင့်၊ အကြောတက်၊ ကိုက်ခဲ၊ သွေးတိုး၊ ဆီးချို၊ သွေးအားနည်း၊ အိပ်မပျော်၊ ထုံနာ၊ ကျဥ်နာ၊ အဆစ်ရောင်စသည့် ရောဂါခံစားနေရသူ ကျေးလက်နေပြည်သူ ၇၀ ဦးအား စားဆေး၊ လိမ်းဆေးနှင့် လိုအပ်သောဆေးဝါးများပေးခြင်းဖြင့် (အခမဲ့) ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)