ညောင်ဦးမြို့၌ ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း(၁/၂၀၂၃)ဖွင့်လှစ်

ညောင်ဦး နိုဝင်ဘာ ၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုးက နိုင်ငံတစ်နိုင်ငံ၏သမိုင်းနှင့် လူမှုယဉ်ကျေးမှု သမိုင်းများကို ဓာတ်ပုံများကထင်ဟပ်စေသည့်အတွက် ဓာတ်ပုံများဖြင့် သမိုင်းမှတ်တမ်းကောင်းများကို ကောင်းမွန်စွာ မှတ်တမ်းတင် ထိန်းသိမ်းနိုင်ရန်၊ Digital နည်းပညာများ တိုးတက်လာမှုနှင့်အတူ မိမိရိုက်ကူးထားသည့် ဓာတ်ပုံများကို အရည်အသွေးပိုမိုကောင်းမွန်သော ဓာတ်ပုံ များဖြစ်လာစေရန်၊ Digital နည်းပညာကို အသုံးပြု၍ပြုပြင်ဖန်တီးနိုင်သည့်ပညာရပ်များကိုလည်း တတ်မြောက်ထားရန်လိုအပ်ကြောင်း၊ ဓာတ်ပုံကျွမ်းကျင်ဝန်ထမ်းများအား ဓာတ်ပုံပညာကို အခြေခံရိုက်ကူးနိုင်သည့် အဆင့်မှ Professional အဆင့်အထိ ရိုက်ကူးတည်းဖြတ်နိုင်စေရန်နှင့် ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိနိုင်သည်အထိ အရည်အသွေးမြင့်ဓာတ်ပုံများဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိမျှော်မှန်း၍ သင်တန်းဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ယခုဖွင့်လှစ်သည့် ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို နိုဝင်ဘာ ၆ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်း(၁၅)ဦးတက်ရောက်ကာ ဓာတ်ပုံပညာရှင်နည်းပြဆရာက ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်း ဘာသာရပ်များနှင့် Indoor ၊ Outdoor ၊ Night Scene ဓာတ်ပုံများရိုက်ကူးခြင်းတို့ကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်သည်။ ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုး၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း