မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မူလွန်-အ.မ.က(၁)ကျောင်းတွင် မြို့/ရွာသန့်ရှင်းသာယာလှပစေရေးများနှင့် စပ်လျဉ်း၍ အစည်းအဝေးကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တက်ရောက်လာသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသို့ ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည်တွင်းမှ ခရီးသွားများ သွားလာလျက်ရှိသဖြင့် အထင်ကရစေတီပုထိုးများ၊ တန်ခိုးကြီးဘုရားများ၊ ရှေးဟောင်းအဆောက်အဦးများ သစ်လွင်တောက်ပမှုရှိအောင် သန့်ရှင်းရေးဆောင်ရွက်သွားကြရန် တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မုန်းလိုက်ကျေးရွာတွင် ဦးအိုက်ဥနှင့် ဦးမိုးကျော်တို့မှ သဲ/ကျောက် လိုင်စင်လျှောက်ထားသည့်နေရာသို့ လည်းကောင်း၊ ဟောင်ကွေ့ကျေးရွာတွင် ကျေးရွာမြေဌားဂရန် ထုတ်ပေးနိုင်ရေး နေအိမ်(၂၁)အိမ်အား မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းကိုလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် နိုင်ငံတော်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မိုင်းယောင်းခရိုင်မှ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ဒေါ်မေသူဝင်းအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးနေသူဟန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့်အတူ သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)