လားရှိုး နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီတိမ်းရှောင်နေကြရသော ယာယီနေရပ်စွန့်ခွာသူများအတွက် ဒေသခံပြည်သူများက စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များကို စေတနာရှင်အလှူရှင်များက နိုဝင်ဘာလ ၆ ရက်နေ့တွင်လည်း ဆက်လက်လှူဒါန်းလျက်ရှိကြကြောင်း သိရသည်။
တိုက်ပွဲရှောင်သူများအတွက် စေတနာရှင်၊ အလှူရှင်များက ဆန်၊ ဆီနှင့် အလှူငွေများ၊ အစားအသောက်ပစ္စည်းများ၊ အဝတ်အထည်ပစ္စည်းများကို လှူဒါန်းကြကြောင်း သိရသည်။
အချို့သော အလှူရှင်များက ယာယီနေရပ်စွန့်ခွာများအတွက် ထမင်းနှင့် ဟင်းများနှင့် မုန့်များကို ချက်ပြုတ်ကာ လာရောက်ဝေငှလှူဒါန်းကြသည်ကိုလည်းတွေ့ရသည်။
“ လားရှိုးမြို့ပေါ်မှာရှိတဲ့ စေတနာရှင် အလှူရှင်တွေက ယာယီနေရပ်စွန့်ခွာသူများအတွက် ထမင်းဘူး တွေ၊ မုန့်တွေ၊ အချိုရည်နဲ့ရေသန့်တွေကို လာလှူကြပါတယ်။ တခြားနယ်တွေဘက်ကလည်း လာရောက်လှူဒါန်းတာတွေလည်း ရှိပါတယ်။”ဟု မန်ဆူယာယီနေရပ်စွန့်ခွာစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယခင်ရက်ပိုင်းများတွင် ယာယီနေရပ်စွန့်ခွာသူဦးရေ သုံးထောင်ဝန်းကျင်ခန့်ထိရှိခဲ့သော်လည်း ယနေ့တွင် နှစ်ထောင်ခန့်သာကျန်ရှိတော့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)