ကျိုင်းလပ်မြို့တွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်နိုင်စေရန်နှင့် မီးငြှိမ်းသတ်ပုံများ သရုပ်ပြကွင်းဆင်းဆောင်ရွက်

ကျိုင်းလပ် အောက်တိုဘာ ၂၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မီးဘေးလုံခြုံရေးအတွက် ကျေးရွာ/ရပ်ကွက် အတွင်း မီးသတ်ယာဉ်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်စေရန်နှင့် မီးငြှိမ်းသတ်ပုံများ သရုပ်ပြ ဆောင်ရွက်ခြင်းကို ကျိုင်းလပ်မြို့ အမှတ် (၃)ရပ်ကွက်၊ ဝမ်ကျင်းကျေးရွာတွင် ယနေ့နံနက်ပိုင်း က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ကျိုင်းလပ်မြို့ မီးသတ်ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဟိန်းကျော်မိုး ဦးဆောင်သောအဖွဲ့သည် ကျေးရွာရပ်ကွက်များ အတွင်း မီးလောင်မှုများဖြစ်ပွားပါက မီးသတ်ရေယာဉ်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်စေရန် ရပ်ကွက်အတွင်း မီးသတ်ယာဉ်များ လှည့်ပတ်မောင်းနှင်ခြင်းနှင့် မီးများ အချိန်မီငြှိမ်းသတ်နိုင်ရန် မီးငြှိမ်းသတ်ပုံ အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ထားခြင်းဖြင့် ကျေးရွာ/ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်များ ကျရောက်ပါက မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ်များ ခက်ခဲနှောင့်နှေးမှုမရှိဘဲ အလွယ် တကူ ဝင်ထွက်သွားလာ နိုင်ပြီး မီးများအချိန်မီ ငြှိမ်းသတ်နိုင်စေရန်နှင့် ကျေးရွာ/ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရန် သရုပ်ပြ ကွင်းဆင်းလေ့ကျင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာန မြို့ဦးစီးမှူး ဦးဟိန်းကျော်မိုး ထံမှ သိရသည်။

ကျော်ဇေယျာလင်း (ပြန်ဆက်)