မိုင်းယောင်း နိုဝင်ဘာ ၆
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပမည့် ကျောင်းသားအားကစားပွဲတော်အား ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အဆင့်လူရွေးချယ်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အားကစားကွင်းနှင့် အ.ထ.က (မိုင်းယောင်း) ကျောင်းတို့၌ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးနေသူဟန်က အားကစားသမားများနှင့်တွေ့ဆုံပြီး မြို့နယ်အဆင့် ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများသည် တာချီလိတ်ခရိုင်စု၌ ခရိုင်အဆင့် သွားရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ထပ်မံရွေးချယ်ခံရပါက ခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
တာချီလိတ်ခရိုင်စုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့်လူရွေးချယ်ပွဲတွင် အားကစားနည်းများမှာ ဘောလုံး(ကျား/မ)၊ ဘော်လီဘော(ကျား/မ)၊ ပြေးခုန်ပစ်(ကျား/မ)၊ စားပွဲတင်တင်းနစ်(ကျား/မ)၊ ခြင်းလုံး(ကျား)၊ ကြက်တောင်(ကျား/မ)တို့ဖြစ်ပြီး တာချီလိတ်ခရိုင်စုတွင် ဆက်လက်ရွေးချယ်ခံရပါက ပြည်နယ်အဆင့် ကျောင်းသားအားကစားပွဲတော်(တောင်ကြီး)သို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)