ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းဆောင်ရွက်

ဥတ္တရသီရိ နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိရပ်ကွက် သီရိမဏ္ဏိုင်လမ်းဆုံအနီး သီရိရတနာလမ်းမပေါ်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် ဘုရားကုန်းမြို့မရဲစခန်းဒုရဲအုပ် စံဝင်းအောင် ဦးဆောင်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅) ရပ်တွင် ပါဝင်သည့် မော်တော်ဆိုင်ကယ်စီးနှင်သူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိမရှိ၊ မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်ကိုမောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ် မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပိုမောင်းနှင်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ် အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်နှင့် ကိုက်ညီသည့် ပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)