ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် ၂၀၂၃ ခုမှသည် ယခင်အခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်သည့် အနာဂတ်စီးပွားရေးဆီသို့

ရခိုင် နိုဝင်ဘာ ၅

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းပင်လယ် ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့် ထိစပ်လျှက်ရှိသကဲ့သို့ ဘင်္ဂလားပင်လယ်အော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း ဆက်စပ်လျက်ရှိသည်။ ဧရိယာစတုရန်းမိုင်ပေါင်း (၁၄၂၀၀.၁၁) မိုင် ကျယ်ဝန်းပြီး သစ်တောများ ဖုံးအုပ်နေသည့် တောင်ကုန်း၊ တောင်တန်းများ၊ ပင်လယ်ကမ်းရိုးတန်းနှင့် လယ်ယာစိုက်ပျိုးနိုင်သော မြေပြန့်လွင်ပြင်များ၊ မြစ်ချောင်း၊ အင်းအိုင်၊ ဒီရေတောများဖြင့် တန်ဖိုးရှိစွာဖြင့် တည်ရှိနေသော ပြည်နယ်တစ်ခုဖြစ်သည်။ ပြည်နယ်ဧရိယာ၏ ၄၈ ဒသမ ၁၁ ရာခိုင်နှုန်းကို သစ်တောများဖုံးလွှမ်းလျက်ရှိပြီး ရခိုင်ပြည်နယ်၏ ရေမြေသဘာဝနှင့် ပထဝီဝင်အနေအထားမှာ အင်မတန်မှတန်ဖိုးကြီးမားလှသော သဘာဝကပေးသည့် လက်ဆောင်များဟု တင်စားရမည်ပင်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရာသီမရွေးသွားလာနိုင်သော ကုန်းလမ်းကြောင်းများ၊ လေကြောင်းလိုင်းများနှင့် ကမ်းရိုးတန်းတစ်လျှောက် ပြည်တွင်းသွား သင်္ဘောများသွားလာနိုင်သကဲ့သို့ (၇၁၃)ကီလိုမီတာ ရှည်လျားသော ပင်လယ်ထွက်ပေါက်ပိုင်ဆိုင်ပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်း ကူးသန်းသွားလာနိုင်သည့် အခြေအနေကောင်းများ ပိုင်ဆိုင်ထားပြီးလည်း ဖြစ်သည်။

 ထိုကဲ့သို့ အခြေအနေကောင်းများအပြင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့ လူဦးရေများပြားပြီး ဈေးကွက်ကြီးမားသည့်နိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်ခြင်း၊ လွယ်ကူစွာကူးသန်းရောင်းဝယ်မှု ပြုနိုင်ခြင်းတို့မှာ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့်မတူညီသော အခွင့်အရေးကောင်းများကို ပိုင်ဆိုင်ထားသော အချက်ပင်ဖြစ်သည်။ ထိုသို့ အခြေအနေကောင်းများ ပိုင်ဆိုင်ထားသည့် ရခိုင်ပြည်နယ်အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် အခြားသော စိန်ခေါ်မှုအခက်အခဲများအား မိမိတို့၏ရရှိထားသည့် အခြေအနေကောင်းများနှင့် ကျော်လွှားနိုင်အောင် အားထုတ်ဆောင်ကြရမည်ပင်ဖြစ်သည်။ မည်သည့်နေရာ၊ မည်သည့်ဒေသ၏ အကူအညီအထောက်အပံ့များ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ မိမိတို့ရဲ့ပြည်နယ်အတွင်းမှာရှိသော အားအင်များဖြင့် မိမိတို့ပြည်နယ်ဖွံ့ဖြိုး တိုးတက်အောင် ပုံဖော်ဆောင်ရွက်ကြရမည်မှာ ရခိုင်တိုင်းရင်းသားတို့၏ သမိုင်းပေးတာဝန်ပင်ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းမှာရှိသည့် လူငယ်၊ လူရွယ်များ စီးပွားရေးကဏ္ဍတွင် အောင်မြင်စေရေး ရခိုင်ပြည်နယ်မှ နိုင်ငံကိုယ်စားပြု စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး၊ စွန့်ဦးတီထွင်လူငယ် လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (Rakhine Economic Forum 2023)ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမမှာ အောက်တိုဘာလ ၂၂ ရက်နေ့ကကျင်းပခဲ့သည်။

စီးပွားရေးဖိုရမ်ကျင်းပခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထူးမင်းသိမ်းက “အခုကဲ့သို့ စီးပွားရေးဖိုရမ်လိုမျိုး လုပ်ဆောင်ချက်လေးတွေလုပ်တာ အရမ်းကောင်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပြည်နယ်မှာ အခုများသောအားဖြင့်ပေါ့နော် စီးပွားရေးတွေ လက်ရှိဆောင်ရွက်နေကြတာတွေက မိရိုးဖလာနည်းလမ်းနဲ့ ဆောင်ရွက်နေကြတာတွေများတယ်၊ ကျွန်တော်တို့က စီးပွားရေးလုပ်ကိုင် ဆောင်ရွက်နေတဲ့ စနစ်လေးတွေကိုပေါ့နော် ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ အလားအလာတွေမှာ အခြေခံပြီးတော့ အဆင့်မြှင့်တင်ဆောင်ရွက်ဖို့လိုပါတယ်၊ ဒါကြောင့်မို့လို့ ဒီလိုစီးပွားရေးဖိုရမ်လေးတွေ ဆောင်ရွက်ပြီးတော့ ရန်ကုန်ကနေပြီးတော့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ရခိုင်တိုင်းရင်းသား ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ အသိပညာမျှဝေပေးတဲ့ပွဲလေးတွေ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း ကျွန်တော်တို့ ဒီနေ့မှာဆိုရင် အသိပညာရှင်သုံးဦး ဖိတ်ခေါ်ထားတာဖြစ်ပါတယ်၊ စီးပွားရေးပညာရှင် ဦးထွန်းထွန်းနိုင်ဆိုရင် ကျွန်တော်တို့ရခိုင်ပြည်နယ်မှာရှိတဲ့ ရင်းနှီးမြှုပ်နှံ မှုဆောင်ရွက်နိုင်တဲ့ အလားအလာတွေနဲ့ အခွင့်အလမ်းတွေကို သူဆွေးနွေးသွားမှာဖြစ်ပါတယ်၊ အဲ့လိုဘဲ ဆရာကြီး ဦးတင်ဇံကျော် ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတစ်ခုအပေါ်မှာ လူငယ်တွေအနေနဲ့ သိရှိဆောင်ရွက်နိုင်မဲ့ အချက်အလက်တွေကို ဟောပြောဆွေးနွေးသွားမှာဖြစ်ပါတယ်၊ နောက် ဆရာမ ဒေါ်ပန်းအိဖြူဆိုရင်လည်း IT နည်းပညာရပ်နဲ့ ပတ်သက်တဲ့အသိပညာရပ်တွေကို လူငယ်တွေအတွက် မျှဝေပေးသွားမှာဖြစ်ပါတယ်” ဟုပြောကြားသည်။

ယခုကဲ့သို့ စီးပွားရေးဖိုရမ်များကျင်းပခြင်းအားဖြင့် ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာထိရောက်မှုရှိနိုင်ကြောင်း၊ စီးပွားရေးဖိုရမ်ကျင်းပပေးခြင်းဖြင့် ပြည်နယ်အတွင်းမှာရှိသည့် အခွင့်အလမ်းလေးများကို စီးပွားရေးလုပ်ကိုင်လိုသူများ ပိုမိုသိရှိလာကာ ရင်းနှီးမြှုပ်နှံမှုများပိုမိုလုပ် ကိုင်ဆောင်ရွက်လာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အလားတူ ဒေါက်တာ ထူးမင်းသိမ်းက “အထူးသဖြင့် ဒီပွဲမှာဆိုရင် လူငယ်တွေကို ကျွန်တော်တို့က အဓိကဦးတည်ချက်ထားပါတယ်၊ ဒီလူငယ်တွေက လက်ရှိမှာကျောင်းသားတွေပါသလို စီးပွားရေးကို စတင်ဆောင်ရွက်နေတဲ့ လူငယ်တွေလည်းပါပါတယ်၊ တချို့လူငယ်တွေမှာဆိုလို့ရှိရင် သူတို့မှာ လုပ်ချင်ကိုင်ချင် စိတ်တွေရှိတယ်၊ တက်ကြွတယ်၊ လူငယ်တွေရဲ့သဘောတရားအရပေါ့လေ၊ သို့သော် ဒီစီးပွားရေးတစ်ခုကို ဘယ်လိုစပြီးဆောင်ရွက်ရမယ်လဲ၊ စနစ်တကျဖြစ်အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ၊ ဒါတွေကိုကျွန်တော်တို့က စနစ်တကျနဲ့ ဆောင်ရွက်ပေးလိုက်မယ်ဆိုလို့ရှိရင် ဒီရခိုင်ပြည်နယ်ထဲမှာရှိတဲ့ လူငယ်တွေဟာ စီးပွားရေးအပေါ်မှာစိတ်ဝင်စားလာပြီးတော့ စီးပွားရေးလုပ်ငန်းတွေကို အတွေးအခေါ် သစ်တွေနဲ့ စနစ်တကျဆောင်ရွက်လာနိုင်တယ်၊ အဲ့ဒီတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်စီးပွားရေးဟာလည်း ဒီလူငယ်တွေရဲ့လက်ထဲမှာဘဲရှိတာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ အနာဂတ်စီးပွားရေး အခြေအနေတွေဟာ အများကြီးဖွံ့ဖြိုးတိုးတက်လာနိုင်တယ်၊ နောက်ဒီစီးပွားရေးဖိုရမ်လိုမျိုး ဆွေးနွေးပွဲတွေဟာ ဒီနှစ်တင်မကဘူး နောင်နှစ်တွေမှာလည်း ဒီလိုမျိုးဆွေးနွေးပွဲတွေကို ဖြစ်မြောက်အောင်ကြိုးစား ဆောင်ရွက်သွားပါမယ်၊ အမှန်တကယ်လည်း အကျိုးရှိတဲ့ပွဲတွေဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွက် အကျိုးရှိတဲ့ပွဲလို့ ပြောနိုင်ပါတယ်” ဟု  ပြောကြားသည်။

ယခု IT နည်းပညာခေတ်ကြီးတွင် ကမ္ဘာရဲ့စီးပွားရေးပြောင်းလဲမှုသည်လည်း  Digital Econome ကို သွားနေခြင်းကြောင့် လက်ရှိလူငယ်များသည် နည်းပညာခေတ်တွင် မွေးဖွားကြီးပြင်းလာသည့် လူငယ်တွေ ဖြစ်တဲ့အတွက် လူငယ်များအနေဖြင့် Digital နည်းပညာများကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများကို IT နည်းပညာများနှင့်ပေါင်းစပ်ကာ ဆောင်ရွက်သွားကြမည်ပင်ဖြစ်သည်။ ကမ္ဘာ့အဆင့်မီအောင် ဝင်ရောက် ထိုးဖောက်လုပ်ဆောင်မည်ဆိုလျင် နည်းပညာများနှင့် တရင်းတနည်းဖြစ်အောင် ကြိုးစားအားထုတ်ပြီး ဒီစီးပွားရေးလုပ်ငန်းများကို အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်ကြရန်လည်း စာရေးသူအနေဖြင့် တိုက်တွန်း အကြံပြုပြောကြားလိုပါသည်။

ရခိုင်တိုင်းရင်းသားများသည် ကဏ္ဍပေါင်းစုံတွင် ထင်ရှားကျော်ကြားခဲ့သော နမူနာကောင်းများရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စွမ်းရည်များဖြင့် ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် သမိုင်းသာဓက သက်သေများစွာ တည်ရှိပြီးလည်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားကျော်ကြားသည့် ဆရာတော် ဦးဥတ္တမကဲ့သို့ အာဇာနည်မထေရ်မြတ်ကြီး ပေါ်ထွန်းခဲ့သကဲ့သို့ ဦးအောင်ဇံဝေကဲ့သို့ လွတ်လပ်ရေး ကြိုးပမ်းစဉ်က ပါဝင်ကြိုးပမ်းခဲ့သူများကိုလည်း တွေ့ရှိရမှာဖြစ်သည်။ လွတ်လပ်ရေးမရမီ ကာလများက မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ်ငန်းစနစ် တည်ထောင်ခဲ့သော ဦးရဲကျော်သူကဲ့သို့ သူဌေးသူကြွယ်များ ပေါ်ထွန်းခဲ့ပြီး  အလားတူလွတ်လပ်ရေးရပြီး နောက်ပိုင်းကာလတွင် ပါမောက္ခ ဦးစံသာအောင်နှင့်ပညာရှင်များ၊ ယနေ့ခေတ်ကာလတွင်လည်း  ပရော်ဖက်ဆာ ဒေါက်တာစောဝေလှကဲ့သို့ ပညာကိုတစ်ဖက်ကမ်းခပ် ကျွမ်းကျင် တတ်မြောက်သည့် ရခိုင်လူမျိုး ပညာရှင်ကြီးများစွာ ပေါ်ထွန်းဆဲ၊ ပေါ်ထွန်းခဲ့ပြီးဖြစ်သည်။  ပစ္စုပ္ပန် ကာလမှာလည်း နယ်ပယ်အသီးသီးမှာ ထင်ရှားကျော်ကြားသူများ များပြားပြီး မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းဦး စသည့်ပုဂ္ဂိုလ်များလည်းတွေ့ရမည်ဖြစ်သည်။ ထိုပုဂ္ဂိုလ်များကို ကြည့်ခြင်း အားဖြင့် ရခိုင်တိုင်းရင်းသားများသည် ကိုယ်စွမ်းကိုယ်စ ပြည့်ဝစွာဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိသူများဖြစ်သည့်အတွက် လူငယ်များအနေဖြင့် မိမိတို့လက်ထက်တွင် ယခင်ကာလများထက် ပိုမိုသာလွန်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရန် သမိုင်းပေးတာဝန် တစ်ရပ်ကျရောက်လာနေပြီဟု မှတ်ယူထားရမည်ပင်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေးအသက်သွေးကြောများအဖြစ် ကမ်းလွန်ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ စစ်တွေ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ ဘက်စုံသုံးဆိပ်ကမ်းများရှိပြီး နယ်စပ်ကုန်သွယ်ရေးပြုလုပ်နေသည့် စစ်တွေ၊ ရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တော၊ ကညင်ချောင်းစီးပွားရေးဇုန် ဆိပ်ကမ်းများရှိနေပြီး ထင်ရှားကျော်ကြားသည့် ရှေးဟောင်းအမွေအနှစ်များဖြစ်သည့်  ကျောက်တော် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ မြောက်ဦးရှေးဟောင်းနယ်မြေများနှင့် အပန်းဖြေရန် စစ်တွေကမ်းခြေ၊ ငပလီကမ်းခြေ စသည့်ဖြင့်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများဆောင်ရွက်နိုင်သည့် အခြေအနေကောင်းများရှိသည်ကို တွေ့ကြရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၂၈) ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၉,၂၇၈ ဒသမ ၈၉၉) သန်းရှိပြီး  ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် လုပ်ငန်းပေါင်း (၂၀) ခုထိ ဆောင်ရွက်နေသည်ဟုသိရသည်။ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အနေဖြင့် လုပ်ငန်းပေါင်း (၃၁)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် (၂၅၇,၆၀၉ ဒသမ ၅၀၂) သန်းရှိကာ  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းကဏ္ဍတွင် အများဆုံးဖြစ်ပြီး လုပ်ငန်း (၁၇) ခုထိ ဆောင်ရွက်လျက်ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးမှ သိရသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းမှာပင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုတို့ကို တိုးမြှင့်ခွင့်ပြုပေးနိုင်ခဲ့ပြီး ထိုလုပ်ငန်းအသစ်နှစ်ခုတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၂၅၀) ခန့် ထပ်မံရရှိလာနိုင်မည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။

လူငယ်များအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ စာပေဂီတ အနုပညာများ၊ ဒီဇိုင်နာစသည့် မိမိဝါသနာပါသော နယ်ပယ်များတွင်လည်း ထွန်းပေါက်အောင်မြင်အောင် တီထွင်ဖန်တီး ဆောင်ရွက်နိုင်သောအခွင့် အလမ်းများ စွာရှိသည်။ အလားတူ တီထွင်ဖန်တီးသူတို့၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်သော ဥပဒေများဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေများကို နိုင်ငံတော်က အတည်ပြုပြဌာန်းထားပြီးလည်းဖြစ်သည်။ တီထွင်မှုဥပဒေကိုလည်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည့်အတွက် ထိုဥပဒေများသည် စွန့်ဦးတီထွင်သူတို့၏ အကျိုးစီးပွားကို အကာအကွယ် ပေးမည်ဖြစ်ပြီး ကုန်အမှတ်တံဆိပ်တစ်ခုအနေဖြင့် ဈေးကွက်တစ်ခုတွင် တွင်တွင်ကျယ်ကျယ် အသုံးပြု လာနိုင်မှာဖြစ်သကဲ့သို့ မိမိ၏ထုတ်ကုန်ဈေးကွက်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်နိုင်မည် ပင်ဖြစ်သည်။ လူငယ်များအနေဖြင့် စီးပွားရေးဆောင်ရွက်သည့်အခါမှာ မိမိ၏တီထွင်ဖန်တီးမှုနှင့် လုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲနိုင်ရန် မိမိထုတ်ကုန်၏ အရည်အသွေးနှင့် အမှတ်တံဆိပ်ကို တီထွင်ဖန်တီးရာတွင် အရေးပါသည့်အခြေအနေကို သိရှိဆောင်ရွက်နိုင်အောင် ဖော်ပြပေးခြင်းလည်းဖြစ်သည်။

ယနေ့ခေတ်သည် IT ခေတ်ဖြစ်သည့်အတွက် လူတိုင်းအသုံးပြုနေသော လက်ကိုင်ဖုန်းများ၊ ကွန်ပျူတာများတွင် စီးပွားရေးနှင့်ပတ်သက်သည့် အကျိုးရှိစေသော စာကောင်းပေမွန်များကို လေ့လာဖတ်ရှုကြရမည်ဖြစ်သည်။ စီပွားရေးနှင့်ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်း ခေတ်မီနည်းပညာများနှင့် ဆောင်ရွက်မှသာ ပိုမိုအောင်မြင် ဖြစ်ထွန်းနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုအခါ စီးပွားရေးလုပ်ငန်းလုပ်မည်ဆိုပါက Land, Labour, Capital, Technology, Skill, ထို(၅)ချက်ကို ဟန်ချက်ညီညီ အသုံးချနိုင်ရန်လိုပါမည်မှာ အမှန်ပင်ဖြစ်သည်။

ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ်တွင် ဆွေးနွေးခဲ့သည့် လူငယ်အမျိုးသမီး IT နည်းပညာရှင် တစ်ယောက်ဖြစ်သည့် ဒေါ်ပန်းအိဖြူက “ကျွန်မကတော့ IT နည်းပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ရေ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးအရှိန်မြှင့်တင်ဖို့အတွက် နည်းပညာနဲ့ ဘယ်လိုမျိုး တိုးတက်အောင်လုပ်မယ် ဆိုတဲ့ အသိပညာတွေကို မျှဝေသွားမှာဖြစ်ပါတယ်၊ ဒီစီးပွားရေးဖိုရမ်တွင်လည်း သတင်းအချက်အလက်နည်းပညာခေတ်ရဲ့ စီးပွားရေးအလုပ်အကိုင်အခွင့် အလမ်းတွေ ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောသွားမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကတော့ အခုလိုနည်းပညာကို ပေါင်းစပ်ပြီးတော့ စီးပွားရေးလုပ်လို့ရတယ်ဆိုတဲ့ နည်းလမ်းတွေကို သိတဲ့အတွက်ကြိုဆိုတယ်၊ နည်းလမ်းတွေရသွားတယ်၊ လူငယ်တွေအနေနဲ့လည်း ဒီနိုင်ငံမှာ ဒီလိုအခွင့်အလမ်းတွေရှိပါလား၊ သမားရိုးကျလုပ်ငန်းကနေပြီးတော့ ခွဲထွက်ပြီးတော့ မတူတဲ့စီးပွားရေးတွေ ပေါင်းစပ်လုပ်တဲ့ စီးပွားရေးပေါင်းစည်းလုပ်ငန်းတွေ အခွင့်အလမ်းတွေကို သိတဲ့အတွက် အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကိုတော့ ရရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ်ကတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေတည်တဲ့ဒေသတစ်ခုဖြစ်တယ်။ အခုလက်ရှိအနေအထားမှာတော့ လူငယ်တွေက တခြားရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းလုပ်ကိုင် ကြတဲ့အတွက် လက်ရှိစီးပွားရေးမှာတော့ လုပ်သားအင်အားရှားပါးမှုတော့ ကြုံနေရတယ်၊ နောက်ပြီးတော့ ပုံမှန်ယဉ်ကျေးမှုစနစ်လိုဖြစ်နေတယ်၊ စိုက်မယ်၊ မွေးမယ်၊ ရောင်းဝယ်ဖောက်ကားမယ် ထုတ်လုပ်မှု ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ အားနည်းတာကို တွေ့ရပါတယ်၊ စီးပွားရေးလုပ်ငန်းတစ်ခုလုံးအနေဖြင့် သက်ရောက်မှုရှိတယ်လို့တော့ မတွေ့ရသေးပါဘူး၊ ဘာတွေလိုအပ်နေလဲလို့ပြောမယ်ဆိုရင် နည်းပညာလိုနေတယ်လို့ ကျွန်မတို့မြင်ပါတယ်၊ နည်းပညာ ပြောင်းလဲရမယ်၊ အသိအမြင်တွေမျှဝေရမယ်၊ နောက်ပြီးတော့ ပြင်ပကိုဖောက်ထွက်နိုင်ဖို့ ဈေးကွက်ကို ချဲ့ထွင်နိုင်ဖို့ ကျွန်မတို့သက်ဆိုင်ရာတာဝန်ရှိတဲ့ နိုင်ငံတော်အနေနဲ့ လမ်းဖွင့်ပေးဖို့လိုပါတယ်” ဟုပြောသည်။

ယခုကဲ့သို့ ဖိုရမ်များလုပ်ပေးခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက်လည်း အကျိုးရှိလာမည် ဖြစ်ကာ လုပ်ငန်းရှင်များအတွက်လည်း ယခုကဲ့သို့ ပြခန်းများဖွင့်လှစ်ပြသနိုင်ခြင်း၊ သူတို့၏လက်ရှိ သွားနေသော စီးပွားရေပုံစံများကိုလည်း လုပ်ငန်းရှင်များ၊ ပညာရှင်များမြင်တွေ့ရခြင်း၊ အလားတူ ဖိုရမ်တွင်အကြံပြု ဆွေးနွေးနိုင်ခြင်း၊ နိုင်ငံတော်ကပါသည့်အတွက် မူဝါဒများကိုလည်း လက်ရှိမြေပြင်အခြေအနေကို မြင်တွေ့ ရသည့်အတွက် ထိရောက်သည့်မူဝါဒတွေ ချပေးနိုင်မည်ဖြစ်ခြင်းကြောင့် သုံးဦးသုံးဖလှယ်ဖြစ်သည့် နိုင်ငံတော်အတွက်၊ လုပ်ငန်းရှင်များအတွက်၊ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသော လူငယ်များအတွက်ပါ အကျိုးအမြတ်ရှိနိုင်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဒေါ်ပန်းအိဖြူက “ကျွန်မကတော့ လူငယ်တွေကို ရေကြည်ရာမြက်နုရာသွားကြတာလည်း တပိုင်းပေါ့နော် ကိုယ့်ဒေသမှာ ကိုယ့်ဟာကိုယ်ထိုးထွင်းကြံဆပြီးတော့ ဘယ်လိုမျိုးလုပ်ငန်းရှင် အဖြစ်ဖောက်ထွက်မလဲ၊ ဘယ်လိုကြိုးစားမလဲဆိုတာမျိုးကို ပိုပြီးတော့အားပေးချင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က အပြင်ကို ထွက်သွားပြီးရင် ပြန်လာပြီး ကိုယ့်တိုင်းပြည်အတွက် ပြန်ပြီးလုပ်ကိုင်မှသာ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ပြီး ကျန်ခဲ့မှာဖြစ်ပါတယ်၊ ကျွန်မတို့အနားဂတ်ဟာ လူငယ်တွေကို အားကိုးရတာဖြစ်ပါတယ်၊ ဒီတော့ စီးပွားရေးကဏ္ဍကို အခုလိုမျိုးနည်းပညာနဲ့ ပေါင်းစပ်ပြီးတော့ ခေတ်နဲ့အညီလုပ်ဖို့ဆိုတာ လူငယ်တွေအပေါ်မှာ အများစုမှီတည်နေပါတယ်၊ ဒါကြောင့်လူငယ်တွေကို အဓိကပြောချင်တာကတော့ နည်းလမ်းရှိတယ်၊ ပံ့ပိုးမှု တွေလည်းလာမယ်ပေါ့နော်၊ အခုနည်းလမ်းပေါင်းစုံနဲ့ သွားနေတယ်၊ နိုင်ငံတော်ရဲ့မူဝါဒအရ အဲ့ဒီအတွက်ကို ကြိုးစားစေချင်ပါတယ်၊ ကျွန်မတို့လို ပညာရှင်တွေကလည်း အတတ်နိုင်ဆုံးအကြံဉာဏ်နဲ့ အခြားပေါ့နော် ဘာတွေ့ပံ့ပို့ပေးရမလဲ၊ ဖြည့်ဆည်းကူညီပေးရမလဲ အမြဲတမ်းအဆင်သင့်ရှိနေပါတယ် လို့ပြောကြားသည်။

ရခိုင်ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ဒေသ တစ်ခုဖြစ်ပြီး မိုးစပါးစိုက်ပျိုးနိုင်သော မြေဧက (၁၀)သိန်းကျော်၊ ဆီထွက်သီးနှံစိုက်ပျိုးနိုင်သော မြေဧကတစ်သိန်းကျော်၊ ပဲမျိုးစုံ စိုက်ပျိုးနိုင်သော မြေဧက ခြောက်သောင်းခန့်၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်သော မြေဧကတစ်သိန်းခန့်၊ ရာဘာနှင့် သီဟိုဠ်စသည့် နှစ်ရှည်သီးနှံစိုက်ဧက ငါးသောင်းခန့်ရှိကြောင်းသိရသည်။

ထို့ပြင်တိုးချဲ့စိုက်ပျိုးနိုင်သည့် မြေလွတ်မြေရိုင်းများလည်း ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်အနေဖြင့် လက်ရှိတွင် ရေငန်ပုစွန်မွေးမြူရေး (၇၄၅၃၄ ဒသမ ၃၁) ဧက၊ ရေချိုငါး မွေးမြူရေး (၅၈၄ ဒသမ ၂၂) ဧက၊ ကဏန်းမွေးမြူရေး (၄၁၉ ဒသမ ၄၃) ဧက ကိုမွေးမြူလျက်ရှိပြီး ဆက်လက်တိုးချဲ့ မွေးမြူ ထုတ်လုပ်နိုင်သည့် အခွင့်အလမ်းများစွာရှိသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် စီးပွားရေး လုပ်ကိုင်ဆောင်ရွက် နိုင်သည့် ရေခံမြေခံနှင့် အခြေခံကောင်းများ များစွာရှိနေသည် လူငယ်များအနေဖြင့် သိရှိထားရန် ဖော်ပြခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် ကျင်းပခြင်းနှင့်ပတ်သက်၍ ဝတီစိုး စားသောက်ကုန်၊ လူသုံးကုန်ဖြန့်ချီရေးလုပ်ငန်း လူငယ်စီးပွားရေးလုပ်ငန်းရှင် ကိုဘိုဘိုထွန်း က “ဒီနေ့ဖိုရမ်ကျင့်ပတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လူငယ်လုပ်ငန်းရှင်တစ်ဦးအနေနဲ့ မြင်တာကတော့ ကောင်းတဲ့လုပ်ဆောင်ချက် တစ်ချက်လို့မြင်ပါတယ်၊ ဒါဘယ်မယ့် ကျွန်တော်တို့က အချိန်ကာလတစ်ခု အားလုံးပါဝင်နိုင်တဲ့ပုံစံတစ်ခု ဖြစ်နိုင်မယ်ဆိုရင် ပိုပြီး အဆင်ပြေမယ်ထင်ပါတယ်၊ အခုကတော့ ဘာဘဲဖြစ်ဖြစ် အစပျိုးတယ်လို့ပြောလို့ရမှာပေါ့၊ အခုလောလော ဆယ်မှာတော့ ရခိုင်ပြည်နယ်ရဲ့စီးပွားရေးကကျနေတယ်လို့ ပြောလို့ရပါတယ်၊ ရောင်းအားတွေဘာတွေပေါ့ တဖြည်းဖြည်းနဲ့လူတွေရဲ့သုံးစွဲအားက အနိမ့်ပိုင်းကို ရောက်နေတယ်လို့ ပြောလိုရပါတယ်၊ ဒီလိုဖြစ်ရတာလည်း တခြားဆက်စပ်တဲ့ နိုင်ငံရေးအခြေအနေတွေ၊ စီးပွားရေးအခြေအနေတွေနဲ့ ဆိုင်မယ်ထင်ပါတယ်၊ နောက်ပြီးတော့ ကုန်စည်စီးဆင်းမှု အနေအထားနဲ့လည်း ဆိုင်မယ်ထင်ပါတယ်၊ အခုလိုမျိုးဖိုရမ်တွေများများ ပြုလုပ်ပေးခြင်း အားဖြင့် အတိုင်းအတာတစ်ခုထိ အသိပညာတွေမျှဝေပေးတဲ့ပုံစံတွေ၊ MSME ပုံစံတွေအားကောင်းလာမယ် ဆိုရင်တော့ အောင်မြင်လာမယ်ထင်ပါတယ်၊ ဒီလိုဖိုရမ်တွေလုပ်ပေးခြင်းအားဖြင့် ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးကို အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ထားသလို ဒီလိုဖို့ရမ်တွေအများကြီး လုပ်နိုင်ဖို့လည်း မျှော်လင့်ထား ပါတယ်” ဟုပြောသည်။

ထို့ပြင် ကိုဘိုဘိုထွန်းက ရခိုင်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရန် တဘက်က ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်ရေး ဆောင်ရွက်ရန်လိုသကဲ့သို့  လုပ်ငန်းများအားကောင်းရန် သယ်ယူပို့ဆောင်ရေး၊ ကူးသန်း ရောင်းဝယ်ရေးအပိုင်းများ အဆင်ပြေချောမွေ့လာမည်ဆိုလျင် တိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်နေခြင်း မှာလည်း နိုင်ငံရေးတည်ငြိမ်လာသည်နှင့်အမျှ ထိုလုပ်ငန်းများ အထမြောက်ပြီး အဆင်ပြေသွားနိုင်သည်ဟု ၎င်းက ထင်မြင်သုံးသပ်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ကုန်သွယ်မှုကဏ္ဍအနေဖြင့် စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်မှုမှာ ၂၀၂၀-၂၀၂၁ တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၆၂၂ ဒသမ ၅၈၇)သန်း၊ ၂၀၂၁-၂၀၂၂ (Mini Budget)တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၄၂ ဒသမ ၅၅၈) သန်း၊ ၂၀၂၂-၂၀၂၃ တွင် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၁၂၃ ဒသမ ၁၈) သန်းနှင့် ၂၀၂၃-၂၀၂၄ စက်တင်ဘာလထိ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၉ ဒသမ ၆၄၇) သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင်ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ငါး၊ ပုစွန်၊ ကဏန်းများကိုလည်း အာရှနိုင်ငံများနှင့် အနောက်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက် ရှိနေသည်ကို တွေ့ရှိရသည်။ အဓိက ပို့ကုန်များကမှာ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်ပစ္စည်းနှင့် စက်မှု ကုန်ချော ပစ္စည်းများဖြစ်နေပြီး လယ်ယာထွက်ကုန်တင်ပို့မှုမှာ ရခိုင်ပြည်နယ်မှ ဒေသထွက်ကုန်များ အနည်းငယ်သာပါရှိပြီး ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် ဂျင်း၊ နနွင်းတက်၊ မန်ကျည်းစေ့၊ ဇီးဖတ်၊ မွန်ပြည်နယ်မှ ကွမ်းသီးများ တင်ပို့ရောင်းချခဲ့သည်ကိုတွေ့ရှိရသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်မှာတွင် ရခိုင်ပြည်နယ်မှ ဆန်တန်ချိန် (၂၅၀၀) ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး ဒေသထွက်အနေဖြင့် အုန်းသီးခြောက်နှင့် ငါးခြောက်အနည်းငယ်သာ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ကုန်သွယ် ကူးသန်းရောင်းဝယ်သည့်အခါ ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ကုန်ချောအဖြစ် ပြုလုပ်ပြီး Value Added အဖြစ်ထုတ်လုပ် တင်ပို့ရောင်းချခြင်းသည် မိမိဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်၍ ဈေးပိုမိုရရှိနိုင်မှာ အမှန်ပင်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းဆောင်ရွက်မည့်် လူငယ်များအနေဖြင့် အထက်ဖော်ပြပါကဏ္ဍများကို သိရှိနားလည်ပြီး တီထွင်ဖန်တီးထုတ်လုပ်နိုင်ရေး (MSME) လုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် ၂၀၂၃ ခုမှရရှိသည့် အတွေ့အကြုံဗဟုသုတများဖြင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးကို ယခင်အခြေ အနေထက် ပိုမိုသာလွန်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းရေးသားဖော်ပြလိုက်ပါ သည်။

တင်ထွန်း(ပြန်/ဆက်)