နေပြည်တော် နိုဝင်ဘာ ၅
(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ် ပရိယတ္တိစာသင်တိုက် ပဓာနနယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မမထေရ်မြတ် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေနှင့် အရာထမ်းအမှုထမ်းများတက်ရောက်သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မစိုးရိမ်ပရိယတ္တိစာသင်တိုက် ပဓာနနယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်အား နာယူကြည်ညိုကြသည်။
ထို့နောက် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ် ပရိယတ္တိစာသင်တိုက် ပဓာနနယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တအဂ္ဂဓမ္မ မထေရ်မြတ်ထံမှ အနုမောဒနတရား နာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)