ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းသင့်တောင်သူများအတွက် နိုင်ငံတော်ကထောက်ပံ့ခဲ့သည့် မျိုးစပါးများ စိုက်ပျိုးခဲ့မှု ယနေ့အချိန်၌ အောင်မြင်ဖြစ်ထွန်း

ရသေ့တောင် နိုဝင်ဘာ ၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် မျိုးစပါးများအတွက် နိုင်ငံတော်ကထောက်ပံ့ပေးခဲ့သည့် GW-11၊ နှံကောက်၊ ကြားပျံ၊ ပေါ်ဆန်းရင် မျိုးစပါးများကို စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရှိရသည်။

ရသေ့တောင်မြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၇၈၀၆၂ ဧကရှိပြီး မိုခါမုန်တိုင်းကြောင့် ဒေသခံတောင်သူများတွင် သိုလှောင်ထားသည့် မြို့နယ်မိုးစပါး စိုက်ဧက၏ ၆၀ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးနိုင်သော မျိုးစပါးများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မုန်တိုင်းလွန်ကာလများ၌ ရသေ့တောင်မြို့နယ်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် တောင်သူများဝင်ငွေ တိုးတက်လာစေရေးအတွက် နိုင်ငံတော်က မျိုးကောင်းမျိုးသန့် စပါး (၄) မျိုး တင်းပေါင်း ၅၄၀၁၃ တင်းကို ထောက်ပံ့ပေးခဲ့ပြီး ကျေးရွာအုပ်စု ၈၄ အုပ်စုရှိ တောင်သူ ၈၇၈၁ ဦးတို့က စိုက်ဧက ၄၃၂၀၈ ဧက ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ နိုင်ငံတော်ကထောက်ပံ့ခဲ့သည့် မျိုးစပါးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်ပျိုးခဲ့ကြရာ ယခုအချိန်တွင် စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး GW-11၊ နှံကောက် စပါးများပိုမိုဖြစ်ထွန်းခဲ့သည့်အတွက် ဒေသခံတောင်သူများ ကြိုက်နှစ်သက်ကြကြောင်း သိရှိရသည်။

“ယခင်က စိုက်ပျိုးခဲ့တဲ့ မျိုးစပါးနဲ့ ယခုစိုက်ပျိုးတဲ့ မျိုးစပါးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုစိုက်ပျိုးတဲ့ မျိုးစပါး၊ နိုင်ငံတော်က ထောက်ပံ့တဲ့ မျိုးစပါးပေါ့၊ သူက ကျွန်တော်တို့ဒေသမှာ အထွက်နှုန်းပိုကောင်းပါတယ်၊ GW-11၊ နှံကောက်မျိုးစပါးဟာဆိုရင် သက်တမ်းတိုတဲ့မျိုးဖြစ်တာကြောင့် စိုက်ပျိုးလို့ပိုကောင်းပါတယ်၊ စပါးအထွက်နှုန်း ကောင်းတာကြောင့် ဒီနှစ်တော့ ကျွန်တော်တို့မိသားစု ဝမ်းစာအတွက်ဖူလုံသွားတဲ့အပြင် ယခင်နှစ်ကထက် တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေတိုးတက်လာမှာပါ၊ ကျွန်တော်တို့ဒေသကို အခုလို မျိုးစပါးတွေ ထောက်ပံ့ပေးတဲ့ နိုင်ငံတော်ကိုရော နည်းပညာတွေပေးပြီး အနီးကပ်ကြည့်ရှုပေးတဲ့ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အဆင့်ဆင့်ဆောင်ရွက်ပေးခဲ့ကြတဲ့ဌာနများအား အထူးပဲကျေးဇူးတင်ပါတယ်ဗျာ” ဟု မင်းဖူးကျေးရွာနေ တောင်သူ ဦးငမဲချေကပြောသည်။

ရသေ့တောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ်အတွင်း မိုးစပါးလျာထား ဧက ၇၈၀၆၂ ဧကကို လျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းတိုးတက်ရေးအတွက် ပြည်နယ်အစိုးရ၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)