ကျောက်ဆည် နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မြို့နယ်စာရေးဆရာများမှ ဦးဆောင်ကျင်းပပြုလုပ်မည့် (၇၉)နှစ်မြောက် စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားနှင့် အသက်ကြီးစာရေးဆရာကြီးများအား ပူဇော် ကန်တော့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ(၅)ရက်နေ့ နံနက်(၁၀)နာရီက ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စာရေးဆရာအသင်း နာယက ဦးကျော်ဝင်းနိုင်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်နှင့်အသင်းဝင်များ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနာယက ဦးကျော်ဝင်းနိုင်က စာဆိုတော်နေ့သမိုင်းကြောင်းများနှင့် ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းအနေဖြင့် ဦးဆောင် ကျင်းပပြုလုပ်မည့် (၇၉)ကြိမ်မြောက် စာဆိုတော်နေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်း ပါဝင်ကြရန် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်က စာဆိုတော်နေ့အခမ်းအနားတွင် အသက်(၇၀)နှစ်အထက် အသက်ကြီး စာရေးဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့နိုင်ရေးနှင့် စာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးနှင့် ဆုများချီးမြှင့်နိုင်ရေး ဘဏ္ဍာငွေရှာဖွေထားရှိမှုများနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်အဝေးသို့ တက်ရောက်လာကြသည့် စာရေးဆရာ/ ဆရာမများက (၇၉)နှစ်မြောက် စာဆိုတော်နေ့အခမ်းအနား အောင်မြင်စွာကျင်ပနိုင်ရေး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)