ကျိုက်မရောမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေးလှုပ်ရှားမှုဆောင်ရွက်

ကျိုက်မရော နိုဝင်ဘာ ၅

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် သန့်ရှင်းသာယာသော မြို့တော်ဖြစ်စေရေးအတွက်  သယံဇာတနှင့်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများဦးဆောင်၍ စနစ်တကျ  အမှိုက်ခွဲခြားစွန့်ပစ်ရေးလှုပ်ရှားမှုကို  ယနေ့နံနက် ၈ နာရီက လူစည်ကားရာ ကျိုက်ရော မြို့မစျေးကြီးအတွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စနစ်တကျ အမှိူက်ခွဲခြားစွန့်​ပစ်ရေးလှုပ်ရှားမှုတွင် မြို့မစျေးကြီးအတွင်း ရောင်းဝယ်နေသော စျေးသည်များ၊ ပြည်သူများအား မိမိတို့ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ စွန့်ပစ်ပစ္စည်းများအား စနစ်တကျ စွန့်ပစ်တတ်စေရန်၊ စွန့်ပစ်အမှိုက်များအား လျော့နည်းလာအောင် ဆောင်ရွက်တတ်စေရန် မိမိပတ်ဝန်းကျင်မှ ထွက်ရှိလာသော စက္ကူအပိုင်းအစများ၊ ဖန်ကွဲစများ၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် ဓာတုပစ္စည်းများကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းဖြင့် မိမိတို့နေထိုင်ရာကမ္ဘာကြီးအား အမှိုက်များကင်းစင်အောင် တစ်ဖက်တစ်လှမ်းမှ ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးလင်းထက်မှ စျေးသူ/စျေးသားများအား ပညာပေးဟောပြောခဲ့သည်။

ယင်းနောက် မော်လမြိုင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျိုက်မရောမြို့နယ် ပညာရေးဌာနမှ ဒုတိယမြို့နယ် ပညာရေးမှုးဦးညဏ်လင်းနှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်းကာ  မြို့မစျေးကြီးအတွင်းရှိ စွန့်ပစ်ပစ္စည်းများ၊ အမှိုက်များအား စုပေါင်းကောက်ယူခြင်း၊ စည်ပင်သာယာရေးအဖွဲ့ပိုင်  အမှိုက်သယ်ယာဥ်ဖြင့် စနစ်တကျ စွန့်ပစ်ခြင်းများကို  ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စျေးသူ၊ စျေးသားများနှင့် ပြည်သူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေး လက်ကမ်းစာစောင် (၅၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိချို(ပြန်/ဆက်)