မိုင်းနောင် နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၈) နာရီမှညနေ(၄)နာရီထိ တိုက်နယ်ကျန်းမာရေးဌာနတွင်ဆောင်ရွက်ခဲ့သည်။
မိုင်းနောင်တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ခံဒေါ်နန်းမေထားနှင့် ကျန်းမာရေးဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့်တပ်ရင်း၊ တပ်ဖွဲ့များမှကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ငှက်ဖျား၊AIDSနှင့် အခြားရောဂါများရှိ/မရှိ စစ်ဆေးပေးခြင်း၊ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ၊ ပိုလီယိုရောဂါကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်(၇၂)ဦး၊ ကလေးငယ်(၈၃)ဦးတို့ လာရောက် ထိုးနှံ၍ ဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)