မြစ်ကြီးနား နိုဝင်ဘာ ၅
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့များမြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး အပတ်စဉ်စနေနေ့တိုင်း မြို့များအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့၌ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့သို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ရေကြည်ရပ်ကွက်အတွင်း ပြည်ထောင်စုလမ်းမတစ်လျှောက် လမ်းဘေးဝဲ/ယာနှင့် လမ်းလယ်ကျွန်းတို့တွင် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်းရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ စီတာပူရပ်ကွက်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း(စီတာပူ)၌လည်းကောင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ကျောင်းဝင်းများအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်းရေး ပြန်လည်ရှင်းလင်း တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားတက္ကသိုလ်ဗဟိုခန်းမ၌ ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေးအတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းအဆင့် သင်ဆရာ/ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ကချင်ပြည်နယ်၏ ယခုနှစ် Grade-12 အောင် ချက်မြင့်မားရေးနှင့် အခြေခံပညာရေးကဏ္ဍ၏ သင်ကြား၊ သင်ယူမှုလုပ်ငန်းများပိုမိုထိရောက် အောင်မြင်ရေးအတွက် ယနေ့သင်တန်းသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုပင်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ ယုံကြည်ချက်၊ သိရှိနားလည်မှုတို့ကိုဖော်ပြနိုင်ရန်၊ သင်ကြားရေးနယ်ပယ်တွင် ကျွမ်းကျင်သူများအဖြစ် လက်တွေ့ ဆောင်ရွက်နိုင်ရန်သင်တန်းကာလတွင် မရှင်းလင်းသည်များကို မေးမြန်းသင်ယူလေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်သင်ကြားသည့်အခါ ထိရောက်စွာ သင်ကြားနိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြား သည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါ မောက္ခချုပ်ဒေါက်တာအောင်ဝင်းက အရည်အသွေးမြှင့် ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမများအတွက် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တက္ကသိုလ်ပါမောက္ခဌာနမှူးများ၊ ကထိကများက ရူပဗေဒဘာသာရပ်အတွက် သင်တန်းသား(၂၁၂)ဦး၊ ဓာတုဗေဒဘာသာရပ်အတွက် သင်တန်းသား(၁၉၄)ဦး၊ ဇီဝဗေဒဘာသာရပ်အတွက် သင်တန်းသား (၁၁၅) ဦး စုစုပေါင်း ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းပြ ဆရာ/ဆရာမများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ ဆရာမ (၅၈၆)ဦးတို့အား သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ရိုးသစ်မွမ်းမံသင်တန်းတွင် သင်ထောက်ကူပစ္စည်း အသုံးပြုမှုများအား စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင်လည်း မြစ်ကြီးနားတက္ကသိုလ်၌ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည့် တက္ကသိုလ်နှစ် (၆၀)ပြည့် အထိမ်းအမှတ်နှင့် တတိယအကြိမ် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အဖြစ် နှစ်ပေါင်း (၆၀)ပြည့်တော့မည် ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် ယခုလို မိမိတို့ဘဝရပ်တည်နိုင်အောင် မြစ်ကြီးနားတက္ကသိလ်မှ သင်ကြာားပေးခဲ့သော ဆရာ/ဆရာမမကြီးများအား ကန်တော့နိုင်ရေး အာရိယပူဇော်ပွဲကို ကျင်းပပြုလုပ်ရာတွင် အောင်မြင်ခမ်းနားစွာ ကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းပူးပေါင်း ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက္ကသိုလ်နှစ်(၆၀)ပြည့် အထိမ်းအမှတ်နှင့် တတိယအကြိမ် အာစရိယပူဇော်ခြင်း ဖြစ်မြောက်ရေးကော်မတီ နာယက၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်အဖြစ် နှစ်ပေါင်း (၆၀) ဖြစ်တည်လာမှု အခြေအနေများကိုလည်းကောင်း၊ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမိုးနိုင်က အာစရိယပူဇော်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လိုအပ်ချက်များနှင့် ယခင် ၅၅ နှစ်မြောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက္ကသိုလ် နှစ် (၆၀)ပြည့် အထိမ်းအမှတ်နှင့် တတိယအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ကျောင်းသားဟောင်းများက အလှူငွေများကို အသီးသီးပေးအပ်ခဲ့ကြရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပြီး ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)