သထုံ နိုဝင်ဘာ ၅
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တိုင်းပြည်၏စီးပွားရေး ထုတ်ကုန် အများစုမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍပင်ဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇၂ ရာခိုင်နှုန်းခန့်မှာ ကျေးလက် ဒေသများ၌နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဟူသည့် စီးပွားရေး ဦးတည်ချက်ချမှတ်ပြီး စဉ်ဆက်မပြတ် အားပေးကူညီဆောင်ရွက်ပေးနေလျက်ရှိသည်။
မွန်ပြည်နယ်အတွင်း၌လည်း အလားအလာကောင်းသည့် ဒေသထွက်ကုန်ကြမ်းများ ထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တစိုက်မတ်မတ် အားပေးလျက်ရှိပြီး တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့် ထုတ်ကုန်များအား ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရေး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအစဉ် ဖြစ်မြောက်ရေးတို့ကိုလည်း ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များ လိုအပ်သည့် လုပ်ငန်းဈေးကွက်အခိုင်အမာရရှိရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရန်အတွက် လိုအပ်သည့်အခက်အခဲနှင့် မတည်ရင်းနှီးငွေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များနှင့် ဆက်စပ်ဆောင်ရွက်နိုင်မှုအခြေအနေ၊ စွန့်ဦးတီထွင်လုပ်ငန်းအခန်းကဏ္ဍများအပြင် အကျိုးဖြစ်ထွန်းမည့် ရလာဒ်ကောင်းများ ပေါ်ထွက်လာအောင် အစဉ်တစိုက်အားပေးကူညီ ဆောင်ရွက်လျက်ရှိသည်။
ယနေ့ခေတ် လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်သီးစားသာမက သီးထပ်သီးညှပ်၊ နှစ်သီးစား သုံးသီးစား စိုက်နည်းစနစ်များဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ် နေကြပြီဖြစ်သည်။ ထိုသို့စိုက်ပျိုးရာတွင် သီးနှံတစ်ဧကအထွက် တိုးစေရေးအတွက် ဓာတုဓာတ်မြေသြဇာများ တွင်ကျယ်စွာအသုံးပြုလာကြသည်ကို မြင်တွေ့နေကြရသည်။
တစ်နှစ်ပတ်လုံး သီးနှံစိုက်ပျိုးမှုနှင့်အတူ ဓာတုဓာတ်မြေသြဇာများအပေါ် မှီခိုအားကိုးမှု များကြောင့် သီးနှံစိုက်ခင်းမြေများ မြေဆီလွှာ အာဟာရဓာတ် လျော့နည်းပြီးပျက်စီးလာခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ဓာတုဓာတ်ကြွင်းတွေနဲ့ အခြားသောဘေးထွက် ဆိုးကျိုးများကိုလည်း တွေ့မြင်ခံစားနေကြရပါသည်။ အဆိုပါ ပြဿနာကို ကုစားဖြေရှင်းပေးနိုင်မည့် နည်းလမ်းကောင်းတစ်ခုမှာ စိုက်ပျိုးရေးလုပ်ငန်းများ၌ သဘာဝမြေဩဇာများ အစားထိုးသုံးစွဲခြင်းပင်ဖြစ်သည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၌ရှိသည့် "ရွှေမြေဆီ" သဘာဝမြေဩဇာ လုပ်ငန်းသည် ဒေသတွင်းရှိတောင်သူများ သဘာဝဓာတ်မြေဩဇာ အသုံးပြုမှုတွင်ကျယ်စေရန် ရည်ရွယ်ပြီး တည်ထောင်ခဲ့သည့် အသေးစားစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည်။ ကိုယ်တိုင်လည်း စိုက်ပျိုးတောင်သူ တစ်ဦးဖြစ်ပြီး ရည်ရွယ်ချက်ကောင်းဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့် ရွှေမြေဆီသဘာဝမြေဩဇာလုပ်ငန်း၏ တာဝန်ခံဖြစ်သူ ခွန်ရဲလင်းထက်ထံ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့မှုအား ပြန်လည်မျှဝေလိုက်ရပါသည်။
မေး။ "ရွှေမြေဆီ" သဘာဝမြေဩဇာလုပ်ငန်းကို စတင်လုပ်ဖြစ်ခဲ့ပုံလေး သိပါရစေရှင့်။
ဖြေ။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒေသခံတောင်သူပါပဲ။ ဥယာဉ်ခြံစိုက်တယ်။ ကျွန်တော်တို့ နိုင်ငံမှာက စိုက်ပျိုးရေး၊ မွေးမြူရေး အဓိကလုပ်ကြတယ်။ စိုက်ပျိုးလယ်ယာမြေတွေမှာ ဓာတုဓာတ်မြေဩဇာတွေ သုံးတာများလာတော့ မြေအဆီဓာတ်တွေ ခြောက်ခမ်းလာတယ်။ ကျွန်တော်တို့ စိုက်သမျှအပင်တွေက မှန်းသလောက်မထွက်ဘူး။ ဒီလိုဖြစ်တာကို နှစ်အတန်ကြာလေ့လာတော့မှ ဒီမြေဆီက သဘာဝဓာတ်တွေ ခြောက်ခမ်းလာပြီ သဘာဝမြေဩဇာထည့်ဖို့လိုပြီဆိုတာကို သိလိုက်ရတယ်။ ဒါကြောင့် သဘာဝမြေဩဇာကို အချိန်ယူလေ့လာပြီး နည်းအမျိုးမျိုးနဲ့ လေ့လာပြီး စမ်းသပ်ထုတ်လုပ်ခဲ့တာပါ။
မေး။ ဒီကထုတ်တဲ့ သဘာဝမြေဩဇာကို ဘယ်လိုအသုံးပြုရပြီးတော့ ကုန်ကြမ်းတွေအဖြစ် ဘာကို အသုံးပြုထားတယ်ဆိုတာ ရှင်းပြပေးပါဉီးရှင့်။
ဖြေ။ ကျွန်တော်တို့ အခုထုတ်တဲ့ "ရွှေမြေဆီ"သဘာဝမြေဩဇာကို သဘာဝပစ္စည်းတွေနဲ့ဘဲ ထုတ်လုပ်ထားတယ်။ လုပ်ငန်းက လည်ပတ်တာ တစ်နှစ်ဝန်းကျင် လောက်ပဲရှိသေးတော့ အမှုန့် အနေနဲ့ပဲ ထုတ်နိုင်သေးတယ်။ လယ်မြေ၊ ဥယာဉ်ခြံမြေတွေမှာ မြေခံအဖြစ် ထည့်ပြီးအသုံးပြုလို့ရမယ်။ အမှုန့်ဖြစ်နေတော့ ရေနက်ကွင်းတွေမှာသုံးလို့ အဆင်မပြေသေးဘူး ဖြစ်နေသေးတယ်။ ဒါကိုအဆင့်မြှင့်ဖို့ကြိုးစားနေပါတယ်။ ဒီမှာအဓိက ပါဝင်တာက ကြက်ချေး၊ ဖွဲခွံ၊ ပဲမှုန်ပဲခွံ၊ နွားချေး၊ စက်ဖွဲပြာ၊ သဘာဝအီးအမ်၊ ထရိုင်ကိုဒါးမား၊ တင်လဲရည် ဒါတွေကို မျှတအောင်ရောစပ်ပြီး ထုတ်လုပ်ထားတာပါခင်ဗျ။ ကုန်ကြမ်းတွေ ကျတော့ ကျွန်တော်တို့ ဒီဒေသကထွက်တဲ့ ကြက်ချေးတွေဝယ်စုတယ်၊ ဒီဒေသမှာက စပါးစိုက်ပြီးရင် ပဲစိုက်တဲ့ တောင်သူတွေရှိတယ် သူတို့ဆီက ပဲခွံပဲမှော်တွေ ပြန်ဝယ်စုတယ်။ ကျွန်တော်တို့ဆီမှာ လက်ရှိတော့ ဒီ သဘာဝမြေဩဇာထုတ်ကုန် တစ်မျိုးကိုဘဲ ထုတ်ပြီးတော့ သထုံနယ်တစ်ကြောမှာရှိတဲ့ သထုံ၊ ဘီးလင်း၊ ပေါင်မြို့နယ်တွေက တောင်သူတွေဆီ တိုက်ရိုက်ရောင်းချပေးပါတယ်။
မေး။ လုပ်ငန်းလုပ်ကိုင်တဲ့အချိန်မှာ ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ ဘယ်လိုကြိုးစား ကျော်ဖြတ်ခဲ့ရတယ်ဆိုတာလည်း မျှဝေပေးပါဉီးရှင့်။
ဖြေ။ အခက်အခဲတွေကတော့ အများကြီးပေါ့။ ကျွန်တော်တို့ကလည်း Professional တွေလို Guide နဲ့ ဘာနဲ့လုပ်တာမဟုတ်ပဲ သိနိုင်လောက်တဲ့နည်းတွေနဲ့ လေ့လာပြီး လုပ်တာဆိုတော့ စပြီးလုပ်တဲ့အချိန်မှာ အများကြီးဆုံးရှုံးမှုတွေရှိခဲ့တယ်။ မြေဩဇာ ကုန်ကြမ်းဆုံးရှုံးတာတွေ ထုတ်လုပ်တဲ့စက်ပစ္စည်း ဆုံးရှုံးတာတွေရှိခဲ့တယ်။ မြေဩဇာဆုံးရှုံးတယ်ဆိုတာက သုံးမရတော့တာတော့ မဟုတ်ဘူး။ ဈေးကွက်ထဲ ဖြန့်လို့မရတာကြောင့် ဆုံးရှုံးတာ။ ဒါကို ထပ်ပြီးလေ့လာတယ်။ ပါဝင်တဲ့အချိုးအစားတွေကို အမျိုးမျိုးပြောင်းလဲပြီး စမ်းသပ်တဲ့အခါမှာ အခုလို တစ်နှစ်လောက် ကြာတဲ့ကာလမှာ ဈေးကွက်ထိုးဖောက်နိုင်တဲ့ ထုတ်ကုန်ဖြစ်လာတယ်ပေါ့။
မေး။ စိုက်ပျိုးလယ်ယာမြေတွေမှာ သဘာဝမြေဩဇာ အသုံးပြုခြင်းအားဖြင့်ရရှိတဲ့ အကျိုးတွေလည်း ရှင်းပြပေးပါဉီးရှင့်။
ဖြေ။ ကျွန်တော်တို့ဆီမှာ လယ်ယာမြေတွေက တဖြည်းဖြည်း ပျက်စီးမှုများလာတော့ သဘာဝမြေဩဇာကို အများကြီးထည့်ဖို့လိုအပ်တယ်။ ပြည်ပနိုင်ငံတွေမှာဆိုရင် တစ်ဧကကို တန်နဲ့ချီပြီး ထည့်ကြတာတွေရှိတယ် ဒီမှာကတော့ တစ်ဧကကို နှစ်အိတ်ကနေ သုံးအိတ်လောက်အထိပေးသုံးပါတယ်။ ဒီသဘာဝမြေဩဇာ ထည့်တဲ့အကျိုးကျေးဇူးက ရေရှည်မှာ ပျက်စီးနေတဲ့မြေဆီတွေ ပြန်ကောင်းလာမယ်၊ အသီးအနှံတွေ ဖွံ့ဖြိုးလာမယ်၊ မြေဆီတွေကလည်း လုပ်ကိုင်ရမခက်တော့ဘဲ လွယ်လွယ်ကူကူ စိုက်ပျိုးလို့ အဆင်ပြေသွားမယ်။ လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ထုတ်ကုန်ကို တောင်သူတွေက ကြိုက်နှစ်သက်ကြတယ်လို့ ပြန်ကြားရပါတယ်။ ဒါက သူတို့အတွက် နှစ်ဖက်အကျိုးဖြစ်တာပေါ့။ လယ်ယာမြေအတွက် သဘာဝမြေဩဇာရသလို စွန့်ပစ်ပစ္စည်းလိုဖြစ်နေတဲ့ လယ်ယာမြေကထွက်တဲ့ ပဲခွံပဲမှော်တွေ၊ နွားချေး၊ ကြက်ချေး၊ ဖွဲခွံတွေ အရင်ကဆို ဒါကို လယ်ယာမြေမှာ ပြန်အသုံးပြုရမှန်း မသိကြဘူး။ ကိုယ့်လယ်ကွက်ထဲမှာ အချို့က ပြန်ထည့်သုံး ကြတာရှိပေမယ့် အများအားဖြင့် မသုံးကြဘူး။ အလေအလွင့် ဖြစ်တာဘဲများတယ်။ ဒါကို ကျွန်တော်တို့က တောင်သူတွေဆီကနေပြန်ဝယ်တာပေါ့။ သူတို့အတွက်လည်း ဝင်ငွေအထိုက် အလျှောက်ပြန်ရတယ်။ ဒီပဲခွံပဲမှော်တွေကို ကျွန်တော်တို့ဆီ မရောင်းဘူးဆိုရင်တောင်မှ သူတို့နည်းသူတို့ဟန်နဲ့ သဘာဝမြေဩဇာလုပ်နိုင်ဖို့ နည်းပညာမျှဝေပေးတယ်။ ကျွန်တော်တို့ကိုယ်တိုင် ကွင်းဆင်းပြီး လုပ်ပေးပါတယ်။ ဝယ်ရခက်တဲ့ အီးအမ်တို့လို တင်လဲရည် တို့လို သဘာဝက ထုတ်ထားတဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို ဒီမှာ အလွယ်တကူပြန်ပြီးရောင်းချ ပေးပါတယ်။ ကျွန်တော်တို့ လုပ်ထားတာကို ဝယ်ယူဖို့ မတတ်နိုင်ခဲ့ရင်တောင် နည်းပညာတွေ မျှပေးသလို ဒီမှာလည်း အမြဲတမ်းလာပြီးလေ့လာဖို့ ဖိတ်ခေါ်ပါတယ်။
မေး။ ဒီဒေသမှာ အခုလို လုပ်ငန်းဆောင်ရွက်တဲ့အတွက်ကြောင့် ဒေသမှာရှိတဲ့ပြည်သူတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအခြေအနေကိုလည်း သိပါရစေရှင့်။
ဖြေ။ ကျွန်တော်တို့ဆီမှာက အလုပ်အကိုင်တွေရှားပါးလာတယ်။ လုပ်ငန်းလုပ်ဖို့စဉ်းစားတဲ့ အခါမှာတော့ ကိုယ့်ရွာကဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် စဉ်းစားပြီးတော့ ရွာမှာဘဲစက်ရုံလုပ်ဖြစ်တယ်။ ခုဆို ကျွန်တော့်ဆီမှာ ရွာကလူငယ် စုစုပေါင်း ၂၀ ယောက်လောက်ကို အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ပြီး အလုပ်အကိုင်ပေးထားနိုင်သလို လုပ်ငန်းအနေအထားအရ လိုအပ်သလို နေ့စားယာယီခေါ်သုံးရတာလည်း ရှိတယ်။ ဒါ့အပြင် ပဲခွံပဲမှော်တွေ၊ နွားချေး၊ ကြက်ချေး၊ ဖွဲခွံတွေ လိုက်လံစုဆောင်းပြီးတော့ ကျွန်တော်တို့ဆီကို လာရောင်းခြင်းဖြင့်လည်း မိသားစုအပိုဝင်ငွေ ရှာနိုင်ကြတာပေါ့။
မေး။ "ရွှေမြေဆီ" သဘာဝမြေဩဇာလုပ်ငန်းကို တရားဝင်မှတ်ပုံတင်ဆောင်ရွက်ခဲ့တဲ့ အခြေအနေနဲ့ ဒီလိုမှတ်ပုံတင်ဆောင်ရွက်ခြင်းကြောင့် ရရှိခံစားရတဲ့ အကျိုးကျေးဇူး တွေကိုလည်း မျှဝေပေးစေချင်ပါတယ်ရှင့်။
ဖြေ။ ကျွန်တော်တို့ဒီလုပ်ငန်းကိုလုပ်ရင်းနဲ့ပဲ တဖြည်းဖြည်းလုပ်ငန်းက အထိုက်အလျှောက် တွင်ကျယ်လာတဲ့အခါမှာ မှတ်ပုံတင်လုပ်ဖို့ စဉ်းစားရတာပေါ့။ ဒါကြောင့်ပဲ သထုံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး တရားဝင်မှတ်ပုံတင်ခဲ့ပါတယ်။ ဒီလိုမှတ်ပုံတင်လိုက်တော့ ကျွန်တော်တို့လုပ်ငန်းက တရားဝင်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ပြီဖြစ်သလို လိုအပ်တဲ့အကူအညီတွေလည်း အများကြီးရလာတယ်။ ဒီလုပ်ငန်းနဲ့သင့်တော်တဲ့ စက်ပစ္စည်းတွေ၊ နည်းပညာအကူအညီတွေကို ဌာနကလည်းချိတ်ဆက်အကူအညီပေးသလို လုပ်ငန်းရှင်အချင်းချင်းတွေလည်း ချိတ်ဆက်မိပြီး အပြန်အလှန်ကူညီတာတွေရှိပါတယ်။
မေး။ "ရွှေမြေဆီ" သဘာဝမြေဩဇာလုပ်ငန်းဟာဆိုရင် လက်ရှိအချိန်မှာတော့ ထိုက်သင့်တဲ့ အောင်မြင်မှုနဲ့အတူ အကျိုးခံစားခွင့်တွေကိုလည်း ရရှိနေပြီလို့သိရပါတယ်။ အလားတူ ဒီလို မိသားစု တစ်နိုင်တစ်ပိုင်ကနေ အသေးစားလုပ်ငန်းရှင်ဖြစ်လိုသူတွေအတွက် ဘယ်လိုတိုက်တွန်းအားပေးစကားတွေ မျှဝေပေးချင်ပါသလဲရှင့်။
ဖြေ။ အဓိကက လုပ်ချင်စိတ်ရှိဖို့ပဲလိုတယ်။ လုပ်ချင်တယ်ဆိုရင် ပထမဆုံးက ကျွမ်းကျင်မှုရှိဖို့ သေသေချာချာလေ့လာစေချင်တယ်။ ဒီနေ့ခေတ်က လေ့လာစရာတွများပါတယ်။ ဘယ်လုပ်ငန်းဘဲဖြစ်ဖြစ် အရှုံးနဲ့အမြတ် ဆိုတာရှိပါတယ်။ အခက်အခဲတွေကို ကျော်နိုင်မှအောင်မြင်မှုရမှာပါ။ ကျွန်တော့်တုံးကဆိုရင် အတော်လေးဆုံးရှုံးခဲ့ရတယ်။ အားမလျှော့ပဲ လေ့လာရင်းလုပ်ရင်းနဲ့ တစ်နှစ်အတွင်းမှာဘဲ ခုလက်ရှိအတိုင်း အဆင်ပြေလာတယ်ပေါ့။ အမှန်တစ်ကယ်လုပ်လိုသူတွေကို အားပေးပါတယ်။ သဘာဝမြေဩဇာကို များများလုပ်နိုင်ပြီး တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်မှ နောင်ကာလတွေကျရင် ကျွန်တော်တို့လယ်ယာမြေတွေ ပိုကောင်းလာပြီးတော့ တောင်သူတွေ ပိုအဆင်ပြေလာမယ်။ ဒီလုပ်ငန်းလုပ်ချင်သူတွေကို လိုအပ်တဲ့အကူအညီတွေ ပေးနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ရဲ့ "ရွှေမြေဆီ" က ဖိတ်ခေါ်ပါတယ်ခင်ဗျား….
ရွှေမြေဆီ သဘာဝမြေဩဇာလုပ်ငန်းသည် လုပ်ငန်းစတင်ခဲ့သည့်ကာလမှ ယနေ့အချိန်အထိ တစ်နှစ်တာ ကာလခန့် ကြာမြင့်ခဲ့ပြီးဖြစ်သည်။ စတင်လုပ်ကိုင်ခဲ့ချိန်က အခက်အခဲ၊ စိန်ခေါ်မှုမျိုးစုံနှင့်အတူ ဆုံးရှုံးမှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့သော်လည်း မလျှော့သောဇွဲဖြင့် ရင်ဆိုင်ကျော်ဖြတ်ကာ လက်ရှိအချိန်၌ အထိုက်အလျှောက်သောအောင်မြင်မှုဖြင့် ဈေးကွက်ထိုးဖောက်နိုင်ခဲ့ပြီဖြစ်သည်။
ကိုယ်တိုင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူဖြစ်ပြီး တောင်သူများအတွက် ဘိုးဘွား အမွေအနှစ်ဖြစ်သည့် စိုက်ပျိုးလယ်ယာမြေများကို မြေဆီလွှာတည်ဆောက်မှု ရေရှည်ကောင်းမွန်စေခြင်း၊ သီးနှံအထွက်နှုန်း တည်ငြိမ်ကောင်းမွန်ခြင်းတို့နှင့်အတူ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ခံစားရရရှိနိုင်စေလိုသည့် ရည်ရွယ်ချက်ကောင်းတို့ဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှ ထိုက်တန်သည့် အကျိုးအမြတ်များရရှိနေပြီဖြစ်သည်။
အရည်အသွေးပိုမိုပြည့်ဝသည့် ထုတ်ကုန်ဖြစ်လာအောင် လုပ်ငန်းလိုအပ်ချက်တို့ကို အစဉ်တစိုက် သုံးသပ် ကြိုးပမ်းနေသကဲ့သို့ သူ့လိုလုပ်ချင်စိတ်ရှိသူ ရည်မှန်းချက်တူသူ ကြိုးစားလိုသူတို့ကိုလည်း အစဉ်တစိုက် အားပေးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှလှဌေး