တိုက်ကြီးမြို့နယ်၌ မဟာပဋ္ဌာန်းကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်အနားကျင်းပ

တိုက်ကြီး နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ပြီး ၁၃၈၅ ခုနှစ် သီတင်းကျွတ် လပြည့်နေ့မှစ၍ တစ်နှစ်ပတ်လုံး ၃၆၅ ရက်အား ခရိုင်အတွင်းရှိ  မြို့နယ်များအလိုက် တစ်မြို့နယ်လျှင် ၅ ရက်ဖြင့် မဟာပဋ္ဌာန်းကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ခြင်းကို   မြို့နယ်သံဃနာယကအဖွဲ့၏ သြဝါဒနှင့်အညီ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့ ညနေ ၅ နာရီမှ  စတင်၍ နို၀င်ဘာ ၃ ရက် ညနေ ၅ နာရီအထိ မဟာပဋ္ဌာန်းကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက  စျေးရပ်ကွက် ပြည်လုံးချမ်းသာ စေတီတော် သာသနာ့ဗိမ္မာန်တော်၌  ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့  မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြု၍ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်သည့် သံဃာတော်အရှင်သူမြတ် ၂၅ ပါး ကြွရောက်ချီးမြှင့်တော်မူပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲ အနုမောဒနာဂါထာကို လသာကုန်းသီတာရုံကျောင်းဆရာတော်က ရွတ်ဖတ်ပူဇော်သည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက် ဦးစီးပဓာနနာ ယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာ၀ံသအရှင်သူမြတ်ထံမှ ငါးပါးသီလခံ ယူဆောက်တည်ပြီး ကြွရောက်တော်မူလာသော ဆရာတော်သံဃာတော် အရှင်သူမြတ်များက  မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်သည်။

ထို့နောက် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတံဌတု ၃ ကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာပဋ္ဌာန်းကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်အနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)