ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ VIDEO EDITING ပြုလုပ်နည်း သင်တန်းအမှတ်စဥ်(၂)ဖွင့်လှစ်သင်ကြား

ဗဟန်း နိုဝင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့နံနက် ၉ နာရီက ဝန်ထမ်းများအား VIDEO EDITING ပြုလုပ်နည်းသင်တန်းအမှတ်စဉ်(၂) ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူးဒေါ်စန္ဒာမိုးက ယ​နေ့ပြည်သူများ၏ သတင်းရယူသုံးစွဲမှုပုံစံသည် ပြောင်းလဲလာသည့် နည်းပညာများနှင့်အညီ ပြည်သူ အများစုသည် မိုဘိုင်းဖုန်းများမှတဆင့် သတင်းများနှင့်အသိပညာပေးလုပ်ငန်းများကို ကြည့်ရှု​နေ​ကြကြောင်း၊ မိမိတို့ဦးစီးဌာနအ​နေ​​ဖြင့် ပြောင်းလဲလာသည့်သတင်းစီးဆင်းမှုများ၊ အသိပညာပေးအစီအစဥ်များကို ပြည်သူများအသုံးပြု​ကြသည့် Online Media များမှ ရိုက်ကူးထုတ်လွှင့်​ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ဗီဒီယိုသတင်းများ၊ အသိပညာပေးအစီအစဉ်များ ရိုက်ကူးပေးပို့ရာတွင် ဌာန၏လမ်းညွှန်ချက်များနှင့် အညီ နည်းစနစ်မှန်ကန်စွာဖြင့် ကျွမ်းကျင်မှုရှိပြီး အရည်အသွေးပြည့်မှီသော ဗီဒီယိုသတင်းများပေးပို့နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊  Kinemaster Application အသုံးပြု၍ ဗီဒီယိုတည်းဖြတ်နည်း၊ နောက်ခံ Background ကိုဖျောက်၍ Chroma key ဖြင့်ပြုလုပ်နည်း၊ Audio Tools များအသုံးပြု၍ အသံစနစ်ကောင်းမွန်အောင်ပြုပြင်ခြင်းနှင့် အသိပညာပေး Talk Show များ အရည်အသွေးပြည့်မီစွာ ရိုက်ကူးတည်းဖြတ်နိုင်ရေး လက်‌တွေ့ရိုက်ကူးတည်းဖြတ်ခြင်း အဆင့်ဆင့်ကို စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်း စာရေးဝန်ထမ်း(၁၀)ဦး တက်ရောက်ခဲ့ပြီး နိုဝင်ဘာလ (၄) ရက်နေ့မှ (၅) ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

VIDEO EDITING သင်တန်းအမှတ်စဉ်(၁)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်း(၁၂)ဦးအား အောက်တိုဘာ ၂၁ ရက်နေ့မှ အောက်တိုဘာ ၂၂ ရက်နေ့အထိ သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မိုးမိုး