ရန်ကုန် အောက်တိုဘာ ၂၂
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအ ထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး သင်္ဃန်းကျွန်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ် ရေးမှူး ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ထိုက်က မိမိတို့မြို့နယ်အတွင်းမဲရုံများ လျာထားချက်နှင့်အညီ ပြုလုပ်ပြင်ဆင် ဆောင်ရွက်နိုင်ရေး၊ ဆောင်ရွက်ပြီး မဲရုံများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်အဖွဲ့ညွန်ကြားချက်များနှင့် ညီညွတ်မှုရှိစေရေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်သွားရန်နှင့် မဲရုံလုံခြုံရေးကိစ္စရပ်များကိုရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးမြင့်က ပါတီစုံ ဒီမိုကရေစီအ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မိမိတို့မြို့နယ်အတွင်း ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းများ၊ ဆင့်ပွါးသင်တန်းများ ဖွင့်လှစ်ပို့ချပေးမည့် အစီအစဉ်များနှင့် အသက်(၆၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ခဲ့သည်။
ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေမှူး ဒေါ်စန္ဒာမြက ဆောင်ရွက်ထားရှိသည့်လုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက် လာကြသော သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့က ကဏ္ဍ အလိုက် အသီးသီးဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ သင်္ဃန်းကျွန်းမြို့နယ်တွင် နိုင်ငံရေးပါတီနှင့် တစ်သီးပုဂ္ဂလပါတီပေါင်း(၁၇)ပါတီမှ လွှတ်တော် အသီးသီးတွင်ကိုယ်စားလှယ်လောင်း (၃၃)ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသွားမည်ဖြစ်ရာ ဆန္ဒမဲပေးမည့်သူ စုစုပေါင်း(၁၈၃၄၇၅)ဦးရှိပြီး မဲရုံပေါင်း (၁၃၉)ရုံဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)