တောင်ဥက္ကလာပ နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၇ နာရီအချိန်က အမှတ်(၄) ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်(abate)ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် Medical Cover စောင့်ရှောက်ပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကိုဗစ်-၁၉ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ရေတင်ကျန်နိုင်သော ကားတာယာဟောင်းများ၊ ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပြီး ရေတိုင်ကီနှင့်ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များတွင် အဘိတ်(abate) ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ရေနုတ်မြောင်းများရှင်းလင်းခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေးဌာနမှဌာနမှူး ဒေါက်တာမြင့်သန်းထွန်း ဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာကော်မတီ ပြည်သူ့ကျန်းမာရေးဌာနတာဝန်ခံနှင့်အဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)