ကျောက်ဆည် နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများတိုးပွားစေရေး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဝင်များမှ ယနေ့ မွန်းလွဲ (၁) နာရီက စာရေးဆရာ အောင်သစ်ရေးသားသည့် အနာဂတ်လူငယ်နှင့် နည်းဗျူဟာ စာအုပ်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြင့်မားရေးစာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များနှင့် စာစောင်များ အခမဲ့လာရောက် ဖတ်ရှုလေ့လာ နိုင်ကြောင်း၊ စာအုပ်စာပေဖတ်ရှုခြင်းသည် အသိအမြင်ဗဟုသုတများ ပိုမိုတိုးပွားကြွယ်ဝလာပြီး စာဖတ်ရှိန်များလည်း မြင့်မားလာကြောင်းနှင့် အသိဉာဏ်ပညာ ကြွယ်ဝလာသည့်အတွက် ဘဝတွင် တိုးတက်အောင်မြင်သူများ ဖြစ်ရန်သေချာကြောင်း၊ စာပေးချစ်မြတ်နိုးသူများအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အားလပ်ချိန်များတွင် စာအုပ် စာပေများဖတ်ရှုကြစေလိုကြောင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး စာရေးဆရာ သီတဂူ(ကျောက်ဆည်)က သန်းကြွယ်သူဌေးများသည် ကြီးကြီးကျယ်ကျယ်ကြံဆပြီး ယုံကြည်မှုများထားကြောင်း၊ အရာရာအားလေ့လာသင်ယူပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ကြကြောင်း၊ ဈေးရောင်းသူများလည်း သန်းကြွယ်သူဌေးဖြစ်နိုင်ကြောင်း၊ သန်းကြွယ်သူဌေးများသည် ဝင်ငွေထက်ပို၍ မသုံးစွဲကြကြောင်း၊ ငွေကြေးစုဆောင်းပြီး ရင်းနှီးမြှပ်နှံမှုကို အကောင်အထည်ဖော်ကြကြောင်း၊ အကြွေးအတင်မခံပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်ပြီး ဝင်ငွေရှာဖွေသူများဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့အသင်းဝင် ဒေါစန်းစိမ့်စိမ့်မိုးက ရရှိသည့်အချိန်များကို အသုံးချသင့်ကြောင်းနှင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် ရဲရဲတွေးပြီး ရဲရဲလုပ်ဆောင်ကြစေလိုကြောင်း၊ ငွေများ သုံးစွဲရာတွင် ဘယ်လိုနေရာများတွင် သုံးသင့်ကြောင်းနှင့် ထူးချွန်ထက်မြတ်သူများ၏ အာရုံစိုက် လုပ်ကိုင်မှုများအကြောင်း ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများက လူငယ်များ၏အနာဂတ်များနှင့်ပတ်သတ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)