တိုက်ကြီး နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ ဒေသခံပြည်သူများအား ယမန်နေ့ နံနက် ၁၁ နာရီတွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ မြစ်တွင်းသွား ဆေးရုံရေယာဥ် (ရွှေပုစွန်)သည် အဖျောက်မြို့ အမှတ် ၂ ရပ်ကွက် လောကမာန်အောင် မဟာသံတန်ဆောင်းတွင် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းလုပ်ငန်းဆောင်ရွက်ကြောင်း သိရ သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဒုတိယဗိုလ်မှူးကြီး သန်းဝင်းထွန်း ဦးဆောင်သော တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါများ၊ အရိုးအကြော ရောဂါများ၊ သွေးဖောက်၍ ဆီးချို သွေးချို ရောဂါများ စစ်ဆေးခြင်း၊ ECG Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်း များ ဆောင်ရွက်သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တပ်နယ်မှူး ဗိုလ်မှူးကြီး စိန်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များက လိုအပ် သည်များ ဆောင်ရွက်ပေးခဲ့ပြီး နိုဝင်ဘာ ၃ ရက်မှ ၄ ရက်ထိ ၂ ရက်ကြာ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)