ဟိုပုံး နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်းတိုးတက်လာသော လူဦးရေစားသုံးမှုဖူလုံရေးနှင့် ပြည်ပပို့ကုန်သီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေး၊ သီးနှံများအရည်အသွေးတိုးတက် ကောင်းမွန်ရေးနှင့် သီးနှံစိုက်ပျိုးတောင်သူများ စီးပွားရေးတွက်ချေကိုက်ပြီး လူနေမှု့ဘဝတိုးတက်မြင့်မားရေးကို ဦးတည်၍ စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အဓိကသီးနှံဖြစ်သော စပါးသီးနှံ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ၂၀၂၃-၂၀၂၄ ခုနှစ် တွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး စံပြ စိုက်ခင်းများအား တစ်ဧကလျှင် MPE ပုလဲမြေဩဇာ(၁) အိတ်နှုန်း အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်း၍ စံပြစိုက်ခင်းများဖော်ဆောင်ပြီး သီးနှံအောင်မြင်ဖြစ်ထွန်းမှု အခြေအနေကို တောင်သူများအား လက်တွေ့ခေါ်ယူပြသခြင်းဖြင့် ဒေသခံတောင်သူများသည် သီးနှံမျိုးကောင်း မျိုးသန့်များ ပြောင်းလဲသုံးစွဲခြင်း၊ သိပ္ပံနည်းကျ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်လာခြင်း၊ တောင်သူအချင်းချင်းနည်းပညာ လက်ဆင့်ကမ်းဖြန့်ဝေခြင်းအားဖြင့် စပါးသီးနှံပန်းတိုင်အထွက်နှုန်းတိုးတက်လာစေပြီး ဒေသတွင်း ဆန်ဖူလုံမှုရရှိစေမည်ဖြစ်၍ ယနေ့တွင် ဟိုပုံးမြို့နယ်၊ မြို့မကွင်း၊ ကွင်းအမှတ် (၁၂)၊ ဦးပိုင် (၂၄) တွင် စိုက်ပျိုးထားသော တောင်သူ ဦးခွန်ဇော်ဌေး၏ (SR-456) (၃.၀၀) ဧက စိုက်ခင်းသို့ နီးစပ်ရာကျေးရွာအုပ်စုများမှ တောင်သူများအား ခေါ်ယူပြသခြင်းဖြစ်ကြောင်း ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းထံမှ သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)