ညောင်ဦး နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက် ၁၈ နှစ်အောက် အခြေခံပညာအဆင့်ကျောင်းများ အားကစားပြိုင်ပွဲများကျင်းပခြင်းနှင့် လူရွေးချယ်ပွဲများကို ညောင်ဦးမြို့နယ် ရွှေစည်းခုံဘုရားအနီး ပြည်သူ့အားကစားကွင်းကြီးတွင် ယနေ့ဆက်လက် ကျင်းပလျှက်ရှိကြောင်းသိရသည်။
ရှေးဦးစွာ (ခေတ္တ) မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ဝင်းက အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသားကျောင်းသူများ၊ ဒိုင်လူကြီးများနှင့်တွေ့ဆုံ၍ လူရွေးချယ်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကစားကြရန်ပြောကြားသည်။ လက်ရွေးစင်ရွေးချယ်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) များ၊ အခြေခံပညာ အလယ်တန်းဆင့်ကျောင်းများမှ ကျောင်းသားကျောင်းသူများပါဝင်ကြပြီး ကျောင်းအဆင့်မြို့နယ် အားကစားလက်ရွေးစင် ရွေးချယ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်အားကစားနည်းခုနှစ်မျိုး၊ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများကနေ သတ်မှတ်အားကစားသမားဦးရေအတိုင်း ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်အဆင့် ရွေးချယ်ခံရသော ကျောင်းသားကျောင်းသူများသည် ညောင်ဦးခရိုင်အဆင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကာ ရွေးချယ်ခံရပါက ခရိုင်အဆင့် ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။
ဒီပါလင်း