မြင်းခြံ နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက်အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၈) နာရီအချိန်မှစတင်ကာ မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ကျောင်းသား/ကျောင်းသူတွေ ကျောင်းစာအပြင် ကိုယ်လက်လှုပ်ရှားအားကစားမှတဆင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံတော်အဆင့်ထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အားကစားသမားများ ဖြစ်လာစေဖို့အတွက် ယခုလိုအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါတယ်”ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အားကစားပြိုင်ပွဲများတွင် ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ဘတ်စကပ်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ် ပြိုင်ပွဲများကို အောက်တိုဘာလ (၄) ရက်နေ့မှ အောက်တိုဘာလ (၇) ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)