ဗဟန်း နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၉ နာရီ က ဝန်ထမ်းများအား VIDEO EDITING ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူး ဒေါ်စန္ဒာမိုးက ယနေ့ပြည်သူများ၏ သတင်းရယူသုံးစွဲမှုပုံစံသည် ပြောင်းလဲလာသည့် နည်းပညာများနှင့်အညီ ပြည်သူအများစုသည် မိုဘိုင်းဖုန်းများမှတဆင့် သတင်းများနှင့် အသိပညာပေးလုပ်ငန်းများကို ကြည့်ရှုနေကြကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် ပြောင်းလဲလာသည့် သတင်းစီးဆင်းမှုများ၊ အသိပညာပေးအစီအစဥ်များကို ပြည်သူများအသုံးပြုကြသည့် Online Media များမှ ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဗီဒီယိုသတင်းများ၊ အသိပညာပေးအစီအစဉ်များရိုက်ကူးပေးပို့ရာတွင် ဌာန၏လမ်းညွှန်ချက်များနှင့်အညီ နည်းစနစ်မှန်ကန်စွာဖြင့် ကျွမ်းကျင်မှုရှိပြီး အရည်အသွေးပြည့်မှီသော ဗီဒီယိုသတင်းများ ပေးပို့နိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ Kinemaster Application အသုံးပြု၍ ဗီဒီယိုတည်းဖြတ်နည်း၊ နောက်ခံ Background ကိုဖျောက်၍ Chroma key ဖြင့်ပြုလုပ်နည်း၊ Audio Toolsများအသုံးပြု၍ အသံစနစ်ကောင်းမွန်အောင်ပြုပြင်ခြင်းနှင့် အသိပညာပေး Talk Show များ အရည်အသွေးပြည့်မီစွာ ရိုက်ကူးတည်းဖြတ်နိုင်ရေး လက်တွေ့ရိုက်ကူးတည်းဖြတ်ခြင်း အဆင့်ဆင့်ကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းသို့ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး နိုဝင်ဘာလ (၄) ရက်နေ့မှ (၅) ရက်နေ့အထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)