ငါန်းဇွန်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ပေးအပ်ရန် လူမှုရေးပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

ငါန်းဇွန် နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  မြို့နယ်အတွင်းရှိ ဘိုးဘွားများလက်ဝယ်အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ရန် လူမှုရေး ပင်စင်ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လွှဲပြောင်းပေးအပ်ရာတွင် ငါန်းဇွန်မြို့နယ်တွင် ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၄) အုပ်စုအတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀၇၉) ဦးတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ဒုတိယ (၃) လပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းကို ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)