ခရမ်းမြို့နယ် အမှတ် (၈) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်ပြပွဲပြုလုပ်

ခရမ်း နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမှတ် (၈) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၈) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီး ဒေါ်ထူးမြတ်ဇင်က ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လည်းလေ့လာစေလိုကြောင်း စသည်တို့အား အကျယ်တဝင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ဗဟုသုတရဖွယ် စာအုပ်စာပေများနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပါသည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် မြို့ပေါ်ရပ်ကွက်ကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရသည်။

ကိုမင်း ( ခရမ်း )