ကိုဗစ်-၁၉ ကာလ၌ တောင်ဥက္ကလာပမြို့နယ်ရှိ We Love South Okkalapa အဖွဲ့မှ အဘိဓမ္မရတနာဃရ ကိုဗစ်-၁၉ ကုတင် (၃၀၀) သံဃာ့ဆေးရုံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

တောင်ဥက္ကလာပ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ We Love South Okkalapa အဖွဲ့က အဘိဓမ္မရတနာဃရ ကိုဗစ်-၁၉ ကုတင် (၃၀၀) သံဃာ့ဆေးရုံသို့ လှူဖွယ်ပစ္စည်းများကို ယမန်နေ့ ညနေပိုင်းအချိန်၌ သွားရောက် လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင်ဖြစ်သော ဆရာတော် အရှင်ပုညာနန္ဒမှ လှူဒါန်းသော လှူဖွယ်ပစ္စည်းများ ဖြစ်သည့် အအေးဗူးကြီး၊ မုန့်ပုံး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ကော်ဖီမစ်၊ ပေါင်မုန့်၊ စတော်ဘယ်ရီယိုဘူး၊ စတုမဓု၊ Vitacapဆေး၊ Air-X ဆေး၊ ရှူဆေး၊ လင်ဇီးလိမ်းဆေး၊ ဂျုတ်၊ Mask၊ Hand Gel အစရှိသည့် ခြင်း (၁)ခြင်းလျှင် လှူဖွယ်ပစ္စည်း(၁၅)မျိုးပါဝင်သည့် လှူဖွယ်ပစ္စည်းခြင်း (၈၁)ခြင်းကို စနစ်တကျထုတ်ပိုး၍ ဗဟန်းမြို့နယ်ရှိ အဘိဓမ္မရတနာဃရ ကိုဗစ်-၁၉ ကုတင် (၃၀၀) သံဃာ့ဆေးရုံသို့ ဆရာတော်၏ ကိုယ်စား We Love South Okkalapa အဖွဲ့မှ အဖွဲ့သားများက သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါလှူဒါန်းမှုသည် အဘိဓမ္မရတနာဃရ ကိုဗစ်-၁၉ ကုတင် (၃၀၀) သံဃာ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ဆေးကုသမှုခံယူနေသော တောင်ဥက္ကလာပမြို့နယ် ငွေကြာရံပရိယတ္တိစာသင်တိုက်မှ ရဟန်းသံဃာ(၁၄)ပါးနှင့်အတူ အခြားဆေးကုသမှု ခံယူနေကြသည့် ရဟန်းသံဃာတော်များအတွက် လှူဒါန်းခြင်းဖြစ်ပြီး We Love South Okkalapa အဖွဲ့၏ တောင်ဥက္ကလာပမြို့နယ် ပြင်ပသို့ ပထမဆုံးအကြိမ် သွားရောက်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ဝင်းထက်ထက်အောင်