ဆွမ်ပရာဘွမ် နိုဝင်ဘာ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် လူငယ်များအသင်း (Youth Club) စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးခြင်းလုပ်ငန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် လူငယ်များအသင်း (Youth Club) တို့ ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်က လူငယ်များအား စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့် လူအများရှေ့၌ ပြောရဲဆိုရဲရှိလာစေရန်၊ စာပေဝါသနာထုံမွမ်းနိုင်အောင် ငယ်စဉ်ကပင် လေ့ကျင့် မွေးမြူသင့်ကြောင်း၊ အထူးသဖြင့် ယနေ့ကာလ ကျောင်းသား၊ ကျောင်းသူ လူငယ်များကျောင်းနေစဉ်ကာလ၊ ငယ်ရွယ်စဉ်ကာလ ကတည်းကပင် စာအုပ်စာပေနှင့် မကင်းကွာစေရန်၊ စာဖတ်ဝါသနာပါအောင် လေ့ကျင့်ပျိုးထောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ တက်ရောက်လာသော လူငယ်များအသင်းဝင် (Youth Club) က စာရေးဆရာ မောင်မင်းစိုး ရေးသားပြုစုထားသည့် “လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်” စာအုပ်ဖြင့် မမေရီဆန်းက "လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး"၊ မဘန်ဆွတ်မွန်းဆမ်က "လူငယ်နဲ့ တန်ဖိုး"၊ မဘောက်ဂျာက "လူငယ်နဲ့ အကောက်ကြံခြင်း"၊ မမွန်းဂျာက "လူငယ်နဲ့ လိုအပ်ချက်"၊ မချယ်ရီပန်က "လူငယ်နဲ့ ရှက်စိတ်"၊ မဘန်မွန်းက "လူငယ်နဲ့ အလေ့အကျင့်" ခေါင်းစဉ်များဖြင့်လည်းကောင်း အချင်းချင်း အမြင်ချင်းဖလှယ်သုံးသပ်ဆွေးနွေး ကြပြီး တက်ရောက်လာသည့် လူငယ်များက မိမိတို့ ဖတ်မှတ်ထားသည့် စာအုပ်များဖြင့် အားဖြည့်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)