တံတားဦး နိုဝင်ဘာ ၄
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို ရပ်ကွက်၊ ကျေးရွာများမှ အသက် (၂) လမှ (၁) နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းသိရသည် ။
ကာကွယ်ဆေးများကို အသက် (၂) လမှ (၁) နှစ်ခွဲကလေးငယ်များအား သတ်မှတ်ထားသည့်အကြိမ်နှင့် အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးများ၌ ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ) ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မွေးကင်းစ၊ နှစ်၊ လေးလ၊ ခြောက်လ၊ ကိုးလ၊ တစ်နှစ်ခွဲဟူ၍ လအလိုက် နှစ်အလိုက် ခွဲခြားပြီး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
တံတားဦးမြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်တို့မှ မွေးကင်းစမှ အသက်တစ်နှစ်အခွဲထိ ကလေးငယ်စုစုပေါင်း (၆၇) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး (၁၉) ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း၊ ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းကို လစဉ်လဆန်း (၁) ရက်နေ့မှစတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုစုရပ်များတွင် ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဦးရဲတင့်( ပြန်/ဆက်)