မိုင်းပန်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းပန် နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကျောင်းသား/သူများ အသိပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ စုပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း (မွေတော်)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က လူငယ် ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး လူငယ်များဗလငါးတန် ဖွံ့ဖြိုးရေးအကြောင်းကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်နေဆန်းက လူငယ်နှင့် မူးယစ်ဆေးအကြောင်းကို လည်းကောင်း၊ လက်ထောက်ပညာရေးမှူး ဦးတင်ဇော်က လူငယ်နှင့်ပညာရေးအကြောင်းကို လည်းကောင်း၊  အ.လ.က (မွေတော်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကွယ်က ကျောင်းသား လူငယ်များ လိုက်နာသင့်သည့်အချက်များ ဆောင်ရန်၊ ရှောင်ရန်အချက် များကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြသည်။

လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ မြို့နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ကျောင်းသား/သူများနှင့် ဆရာ/မများ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)