အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများ သင်ထောက်ကူ အသုံးပြုသင်ကြားမှု အရည်အသွေး မြှင့်တင်ရေး (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများ သင်ထောက်ကူ အသုံးပြု သင်ကြားမှု အရည်အသွေး မြှင့်တင်ရေး (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က မွန်ပြည်နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြား/သင်ယူမှုလုပ်ငန်းများ ဆောင်ရွက် နေသော ဆရာ /ဆရာမများ အရည်အသွေး မြှင့်တင်စေရေးအတွက် သင်ထောက်ကူ လက်တွေ့ အသုံးချသင်ကြားနိုင်စေရန် ရည်ရွယ်ပြီး ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ဖြင့် အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းကာ ယခုသင်တန်းကို ဖွင့်လှစ်ကျင်းပ ဆောင်ရွက်ရခြင်းဖြစ်ကြာင်း၊ ပြည်နယ်အဆင့် ဆွေးနွေးပွဲ သင်တန်းများ ပို့ချခြင်းအားဖြင့် အခြေခံပညာ ဆရာ/ဆရာမများ၏ အရည်အသွေး တိုးတက်မြင့်မားလာသည့်အပြင် ကျောင်းသားများ၏ သင်ယူတတ်မြောက်မှု စံနှုန်းများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ ပို့ချဆွေးနွေးမှုများကို အားသွန်ခွန်စိုက် နာယူမှတ်သားပြီး မိမိကျောင်းများတွင် မိမိတို့၏ တပည့်များအား လက်ဆင့်ကမ်းဖြန့်ဝေပေးရမှာ ဖြစ်သည့်အတွက် ပေးသောသူနှင့် လက်ခံသူများ အချိတ်အဆက် ထိမိစွာ ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ချစ်စိန်က သင်ထောက်ကူ အသုံးပြုသင်ကြားမှု အရည်အသွေး မြှင့်တင်ရေး (ပြည်နယ်အဆင့်) သင်တန်းနှင့် ပက်သက်၍ လမ်းညွှန်အမှာစကားပြောကြားပြီး၊ မွန်ပြည်နယ် ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများ သင်ထောက်ကူ အသုံးပြု သင်ကြားမှု အရည်အသွေး မြှင့်တင်ရေး (ပြည်နယ်အဆင့်) သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၈၁၃) ဦးဖြင့် Chemistry၊ Physics၊ Biology စသည့် ဘာသာရပ်(၃)မျိုးကို နိုဝင်ဘာ (၄)ရက်နေ့မှ (၅)ရက်နေ့အထိ (၂)ရက်ကြာသင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)