ဗိုလ်တထောင်မြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်း (မြို့နယ်အဆင့်) အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ဗိုလ်တထောင် နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာစကား၊ ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှု စွမ်းရည်၊ အင်္ဂလိပ်စာ ဘာသာစကားပြော ကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်နှင့် ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစား တွေးခေါ်တတ်မှု၊ ပြသနာဖြေရှင်းခြင်း နည်းလမ်းများကို ရှာဖွေဖန်တီးနိုင်ရန်၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များ မြှင့်တင်ရန်၊ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်မှစ၍ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် သင်ကြား စွမ်းရည် တိုးတက်လာစေရန်၊ နိုင်ငံတကာသုံး အင်္ဂဘာသာစကား ကျွမ်းကျင်မှုမှတစ်ဆင့် သက်ဆိုင်ရာ ဘာသာရပ်များကို လေ့လာ သင်ယူရာတွင် အထောက်အကူပြုနိုင်စေရန်၊ သင်္ချာဘာသာရပ် ကျွမ်းကျင်မှုမှတဆင့်သိပ္ပံဘာသာရပ် များကို ဆက်လက်သင်ယူရာ တွင် အထောက်အကူပြုနိုင်ရန်အတွက် ရည်ရွယ်၍ နိုဝင်ဘာ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အင်္ဂလိပ်စာစွမ်းရည် ဘာသာရပ်ဖြေဆိုသူ Grade-5 (၁၆)ဦး၊ Grade-6 (၁၃)ဦး၊ Grade-7 (၉)ဦး၊ Grade-8 (၁၁)ဦး၊ Grade-9 (၁၂)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၆၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲ၌Grade-5 (၁၆)ဦး၊ Grade-6 (၁၄)ဦး၊ Grade-7 (၁၁)ဦး၊ Grade-8 (၁၃)ဦး၊ Grade-9 (၁၃)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၇) ဦး ပါဝင်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ရေးဖြေနှင့် နှုတ်ဖြေနှစ်မျိုးဖြင့် ကျင်းပခဲ့ရာ စွမ်းရည်ပြိုင်ပွဲမှ အတန်းတစ်တန်းလျှင် အင်္ဂလိပ်စာနှင့် သင်္ချာ ဘာသာရပ်တွင် ထူးချွန်သည့် ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦး ရွေးချယ်ပြီး ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဖြေဆိုသည့်ကျောင်းသား/သူများထဲမှ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၁၀ ဦး ရွေးချယ်မည်ဖြစ်ကြောင်း အဆိုပါ ကျောင်းသား/ ကျောင်းသူများမှာ တိုင်းဒေသကြီးအဆင့် စွမ်းရည်ပြိုင်ပွဲသို့ ဝင်ရောက်ဖြေဆို ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်း ရရှိသည်။

ခင်ဝင်းကြည်