သာကေတ နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ၁၀/တောင် (၁၂) ရပ်ကွက်၊ ဘုရားလမ်း၊ ဓမ္မသိဒ္ဓိပရိယတ္တိစာသင်တိုက်၊ ဓမ္မသိဒ္ဓိဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင် သီတင်းသုံးတော်မူသည့် သက်တော် (၁၀၄)နှစ်၊ ဝါတော်(၈၄) ဝါရှိ နိုင်ငံတော်သြဝါဒါစရိယ၊ (ဝေဠုဝန်နိကာယဂဏာဓိပတိ) သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တပညာ ဝံသ၏ အန္တိမစျာပနသို့ နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချူပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ လာရောက်ဖူးမျှော်ကြည်ညိုကန်တော့ ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချူပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ဝေဠုဝန်ဂိုဏ်းထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများ၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များ၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ၊ ဋ္ဌာနဆိုင်ရာများ၊ ဆရာတော်ဘုရားကြီး၏ ဆွေမျိုးသားချင်းများ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် တွေ့ဆုံကာ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပန အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်သြဝါဒါစရိယ၊ (ဝေဠုဝန်နိကာယဂဏာဓိပတိ) ဘဒ္ဒန္တပညာဝံသသည် အောက်တိုဘာ ၃၀ ရက် ညနေ ၅ နာရီ ၅၅ မိနစ်က အဆိုပါကျောင်းတိုက်၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် မူလသီတင်းသုံးတော့်မူရာ စံကျောင်းတော်မှ ၁၀၈- တောင် မဟာဗောဓိစွယ်တော်ရှင် စေတီရင်ပြင်ပေါ်ရှိ ပုဗ္ဖါရုံတန်ဆောင်း၌ နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းအထိ ယာယီအပူဇော်ခံမည်ဖြစ်သည်။ ယင်းနေ့ မွန်းလွဲပိုင်းတွင် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား အန္တိမစျာပန သာဓုကီဠနပူဇာ အခမ်းအနားကို အဆိုပါ ပုဗ္ဖါရုံံတန်ဆောင်း၌ ကျင်းပပြီး ယင်းမှတဆင့် ရေဝေးသုဿန်သို့ ပင့်ဆောင်ကာ အန္တိမအဂ္ဂိစျာပန အခမ်းအနားကို ပြုလုပ်မည်ဖြစ်သည်။ ၎င်းအပြင် နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ဆရာတော်ဘုရားကြီး၏ အရိုးပြာအိုးအား ပဲခူးမြစ်အတွင်း ရေချပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)