ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း GW-11 စပါးမျိုးစံကွက်ရိတ်သိမ်းပွဲနှင့် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ပြီး စစ်တွေမြို့ပေါ်သို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသည့် ကန်တော်ကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ နိုဝင်ဘာ  ၃

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌန၏ အစီအစဉ်ဖြင့် စစ်တွေမြို့နယ် ပြည်တော်သာရပ်ကွက်၊ အကျဉ်းဦးစီးဌာန လယ်မြေတွင် GW-11 စပါးမျိုး စံကွက်ရိတ်သိမ်းပွဲနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး စစ်တွေမြို့ပေါ်သို့ သောက်သုံးရေဖြန့်ဝေပေး လျက်ရှိသည့် ကန်တော်ကြီးသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ စိုက်ပျိုးရေးသုတေသနမှ ဦးစီးအရာရှိ ဦးနိုင်မျိုးအောင်က မိုးစပါးစိုက်ခင်းအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ရိတ်သိမ်းခြွေလှေ့စက်များ အသုံးပြုမှုနည်းစနစ်၊ စက်စွမ်းအားအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြပြီး တင်ပြချက် များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က  နိုင်ငံတော်မှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်ရေး အားပေး ဆောင်ရွက်နမှုအခြေအနေများ၊ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ၊ စိုက်ပျိုးရေး သွင်းအားစုများနှင့် ဈေးကွက်ရရှိရေးအတွက် စီမံဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် တောင်သူများဘဝ တိုးတက်မြင့်မားရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြောကြားပြီး တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော ဒေသခံ တောင်သူများအား ဟင်းသီးဟင်ရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ် ကြသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  မိုးစပါး စံကွက်အတွင်း ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းမှု၊ ရိတ်သိမ်းပြီး မိုးစပါးများကို တိုင်းတာချိန်တွယ်မှု တို့ကို ကြည့်ရှုအားပေးကြသည်။

ယခုရိုက်သိမ်းသည့် စံကွက်သည် သဲဆန်သော မြေအမျိုးအစားဖြစ်ပြီး ယခင်နှစ်များက စိုက်ပျိုးရာတွင် တစ်ဧကလျှင် တင်း ၅၀ နှုန်းခန့်သာ ထွက်ရှိပြီး ယခုအခါ စံကွက်အဖြစ် သတ်မှတ်စဉ် စနစ်တကျ စိုက်ပျိုးခဲ့ရာ တစ်ဧက တင်း ၉၀ ဒသမ၂၆ ထွက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်၊ ပြည်တော်သာ ရပ်ကွက်နှင့် ရူပမြောက် ရပ်ကွက်ရှိ သောက်ရေတွင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ် ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ကန်တော်ကြီးသော သွားရောက်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက ရေသိုလှောင်ထားရှိမှု အခြေအနေ ကန်တော်ငယ်မှ ရေဖြည့်တင်ဖြန့်ဝေပေးနေမှုနှင့် နွေရာသီတွင် ရေဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နွေရာသီရေ အခက်အခဲ မရှိစေရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြား ကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်း တိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်ပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)