လယ်ဝေး နိုဝင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီတွင် မဒေါ့ပင်ရွာ၊ မှရိုးအင်းရွာ၊ အောင်းကြီးကုန်းကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မဒေါ့ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေးရာ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနီဦးခဲက မိတ်ဆက်အမှာစကား ပြောကြားသည်။ဆက်လက်၍ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ဒေသခံများ၏ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများထံ တင်ပြဆွေးနွေးရန် မှာကြားသည်။
ထို့နောက် လယ်ဝေးတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးမင်းမင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရာဇာ၊ ဦးဝင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ ဦးစီးမှူး ဦးခင်မောင်ထွေး၊မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်သူ၊ လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထက်ခိုင်စိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးရန်နိုင်စိုးတို့က ဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီးမှ ရိုးအင်းရွာနှင့် အောင်းကြီးကုန်း ကျေးရွာများသို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေး တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းနောက် ကျေးရွာနေပြည်သူများအား တစ်အိမ်ထောင်လျှင် စားသုံးဆီတစ်ပိဿာ (၅၅၀၀) ကျပ်နှုန်းဖြင့် ဆီပိဿာချိန် (၁၆၀၀) ရောင်းချပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း (၁၉၃) ဦး၊ သွေးအမျိုးအစားစစ်ဆေးခြင်း (၅၀) ဦး၊ ပေါင်း (၂၄၃) ဦးတို့အား ဆောင်ရွက်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ နိုင်ငံသားကတ် (၃၇) ဦး၊ အိမ်ထောင်စု မွေးတိုး/သေဆုံး/ အိမ်ထောင်စု (၁၁၁) ခု နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)