ရှမ်းပြည်နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ဖွင့်လှစ်

တောင်ကြီး နိုဝင်ဘာ ၄

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၍ ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါက်တာဝင်းဇင်မောင်က ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာ ၁ ရက်နေ့မှစ၍ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကော်မတီဝင်များက တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်အတွင်း တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းနှင့် တောင်ကြီးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာ(၆၇)ရွာရှိ အိမ်ထောင်စု (၁၆၈၇) စုတွင် မွေးမြူထားသော တိရစ္ဆာန်များကို စာရင်းကောက်ဦးရေ (၁၀၆) ဦးဖြင့် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)