ကချင်ပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများအား စာပေဟောပြောပွဲ ကျင်းပသည့် အခမ်း အနားသို့ တက်ရောက် အမှာစကား ပြောကြား

မြစ်ကြီးနား နိုဝင်ဘာ ၄

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ခရိုင်၊ မြို့နယ်ရုံး များမှ အရာထမ်း၊ အမှုထမ်းများအတွက် စာပေလေ့လာဖတ်ရှုခြင်းအားဖြင့် အတွေးအခေါ် အသိပညာ တိုးတက်လာစေရေး စာပေဟောပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် လိုအပ်သည့် ကျင့်ဝတ်သိက္ခာ နှင့် ပြည့်စုံစေရေး အသိပညာသည် အရေးကြီးပါကြောင်း၊ အသိပညာကို အတွေ့အကြုံနှင့် စာပေဖတ်ရှုခြင်းမှ ရရှိ မည်ဖြစ်သကဲ့သို့ ယနေ့ဟောပြောပွဲသည်လည်း မိမိ၏ နား၊ မျက်စိ၊ နှလုံးသားတို့ဖြင့် စာဖတ်သည့် သဘောဖြစ်ပါကြောင်း၊ စာရေးဆရာတို့၏ နှစ်ပေါင်းများစွာ လေ့လာမှတ်သားခဲ့မှု၊ နယ်ပယ်အလိုက် အတွေ့အကြုံဗဟုသုတ၊ အသိပညာများကို အချိန်တိုအတွင်းမှာ မျှဝေပေးခြင်းဖြစ်သည့်အတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေမည်ဖြစ်သဖြင့်  မိမိတို့ လုပ်ငန်းခွင်တွင် အကျိုးရှိ ထိရောက်စေရေး မှတ်သား လိုက်နာ၍ လက်တွေ့အသုံးချကြရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က စာရေးဆရာ အကြီးကိုကို (ကသာ)ထံမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ် အဖြစ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စာကြည့်တိုက်အတွက် လှူဒါန်းသည့် သုတ/ ရသ စာအုပ်များကို လက်ခံရယူခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာပေဟောပြောပွဲ လာရောက်ဟောပြောသည့် စာရေးဆရာ အကြီးကိုကို (ကသာ) အတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဌာနနှစ်ပတ်လည်နေ့ အမှတ်တရ မှတ်စုစာအုပ်များကို ပေးအပ်ခဲ့ပြီး စာရေးဆရာအကြီးကိုကို (ကသာ) က ဝန်ထမ်းများအား “စာရိတ္တနိုင်ငံတော်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

အဆိုပါ စာပေဟောပြောပွဲကို နိုဝင်ဘာ ၂ ရက်နေ့တွင်လည်း မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ဝန်ထမ်းများအတွက်21st Century Skill for Capacity Building” ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့ကြောင်း သိရသည်။  

ပြည်နယ်(ပြန်/ဆက်)