ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက် ၁၈ နှစ်အောက် ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော် မြို့နယ်အဆင့် လူရွေးချယ်ပွဲအား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်အတွက် အရည်အချင်း ပြည့်မီသော ထူးချွန်အားကစားသမားများ စေလွတ်နိုင်ရေးအတွက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ  လူရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

လူရွေးချယ်ပွဲတွင် မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အောက် ကျောင်းပေါင်းစုံ ကျောင်းများမှ ကျောင်းသား/ကျောင်းသူတို့အား ယနေ့တွင် အမှတ် (၁၈) အခြေခံပညာ အထက်တန်းကျောင်း၌ ဘောလုံးရွေး ချယ်ပွဲ(ကျား/မ)ပွဲအားကျင်းပခဲ့ပြီး  ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ကြက်တောင်၊ ဘက်စကတ်ဘော၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများအား နိုဝင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ယှဉ်ပြိုင်ပြီး လူရွေးချယ်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၊ အလယ်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် တက်ရောက်နေသည့် အားကစားဝါသနာရှင် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ရွေးချယ်ခံ၍ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် ကျောင်းပေါင်းစုံလူရွေးပွဲ၌ သက်ဆိုင်ရာ အားကစားနည်းအလိုက် ရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ ကျောင်းသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အသက် ၁၈ နှစ်အောက် ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)