ပူတာအို နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် ၂၀၂၃-ခုနှစ် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် တောင်သူကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲက ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နှင့် လုံးစွတ်ရပ်ကွက်ကြားရှိ စိုက်ပျိုးရေးဦးစီးဌာန ပိုင်လယ်မြေမတ်ပန်ကွင်းတွင် မိုးစပါးအထွက်တိုးဆင်း ဧကရီ-၃မျိုး စေ့ထုတ်စိုက်ခင်း(၅)ဧက၌ကျင်းပသည်။
စံကွက်ရိတ်သိမ်းရာတွင် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် ခရိုင်/မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများပူးပေါင်းမှုဖြင့် စံကွက်ရိတ်သိမ်းဧရိယာ (၆.၆)ပေပတ်လည်အား စံကွက်ရိတ်သိမ်းနည်းစနစ်များအတိုင်း ဆောင်ရွက်လျက်ရှိရာ အစိုပျှမ်းမျှအထွက်နှုန်း(၁၂၅.၃)တင်းထွက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မျိုးစေ့ထုတ်စိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် တောင်သူကွင်းသရုပ်ပြပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများက စက်မှုလယ်ယာဦးစီးဌာန၏ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့တောင်သူကွင်းသရုပ်ပြသနေမှုကို ကြည့်ရှုအားပေးကြသည်။
ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ “ပူတာအိုဒေသဝမ်းစာဖူလုံဖို့ ဒီ(၃)နှစ်မှာကြိုးစားစို့” ဆောင်ပုဒ်ထားရှိကာ ပူတာအိုဒေသဝမ်းစာ ဖူလုံရေးအတွက် မျိုးပြောင်းလဲခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁း၃အချိုးကျရောစပ်သုံးစွဲခြင်း၊ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နှင်းနည်းစနစ် လိုက်နာကျင့်သုံးခြင်းနှင့် ရိတ်သိမ်းချိန်အလေအလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ရိတ်သိမ်းချိန်မှန်ကန်စွာဖြင့် ခေတ်မီရိတ်သိမ်းခြွေလှေ့စက်အသုံးပြု၍ တလင်းပျောက်စနစ်ဖြင့် ရိတ်သိမ်းခြင်းများကို ၂၀၂၂-၂၀၂၃-ခုနှစ်တွင် ပထမနှစ်အဖြစ် ဧက(၁၀၀၀)၊ ၂၀၂၃-၂၀၂၄-ခုနှစ်တွင် ဒုတိယနှစ်အဖြစ် ဧက(၅၀၀၀)တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄-၂၀၂၅-ခုနှစ်တွင် တတိယနှစ်အဖြစ် ဧက(၁၀၀၀၀)တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)