မချမ်းဘော နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် ဒေသအစားအစာတစ်ခုဖြစ်သော နန်ကော်ရှီး (ခေါ်)တင်းကောသီးများ ရင့်မှည့်ချိန်ဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ကောက်ယူ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အဆိုပါတင်းကောပင်ကို တောတောင်ယာခြံစည်းရိုးများနှင့် အိမ်ခြံစည်းရိုးများတွင် စိုက်ပျိုးကြပြီး ပုံသဏ္ဍန်မှာ ထန်းပင်၊ ပေပင်များနှင့် အလားသဏ္ဍန်တူပြီး အသီးရင်မှည့်သည့်အခါ အပြင်တွင် မင်းကွတ်သီးအရောင်နှင့်တူပြီး အတွင်းမှာ အဝါရောင်ဖြစ်ကာ ဒေသခံများက ငရုတ်သီးထောင်း၍ သော်လည်းကောင်း၊ အနည်းငယ်ပြုတ်၍ သရေစာအဖြစ်လည်းကောင်း၊ အတွင်းသားများကိုခြစ်ကာ တစ်နေလှန်းပြီး ကောက်ညှင်းပေါင်းများဖြင့် နယ်၍လည်းကောင်းစားကြပြီး အရသာမှာ ဆိမ့်ကာ ဆီထွက်သော အစားအစာတစ်မျိုးဖြစ်သည်။ အချို့ကမူ တင်းကောသီးကို ဆီကြိတ်ကာ ဆီထွက် သီးနှံအဖြစ် စားသုံးကြကာ တင်းကောရွက်များကိုလည်း အိမ်အမိုး၊ တဲအမိုးများ ပြုလုပ်ရာတွင် အသုံးပြု၍ရကြောင်းလည်း သိရသည်။ တင်းကောသီးများကို မချမ်းဘောမြို့ နံနက်စျေးနှင့် ပူတာအို နံနက်စျေးတို့တွင် ရောင်းချပြီး အလုံးရေ (၂၀)ပါ အထုပ်တစ်ထုပ်ကို ငွေကျပ်တစ်ထောင်ဖြင့် ရောင်းချကြပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)