မံစီမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မံစီ နိုဝင်ဘာ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘုန်းတော်ကြီးသင်ပညာရေး အခြေခံ ပညာ မူလတန်းလွန်ကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၂ ရက် နံနက် ၁၀ နာရီက တောင်တန်းသာသနာပြုကျောင်း၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ဘုန်းတော်ကြီးသင်ပညာရေး အခြေခံပညာမူလတန်းလွန်ကျောင်း တွဲဘက် ကျောင်းအုပ် ဆရာတော် အရှင်အဂ္ဂပါလက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ် ဦးစီးအရာရှိ ဒေါ်မြသက်ဦးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့ရာ လူငယ်များ အသိပညာဗဟုသုတများ ပိုမိုရရှိလာ ရေးနှင့် စကားပြော အတတ်ပညာပိုမိုကျွမ်းကျင်လာပြီး လူအများရှေ့တွင် စကားကို ရဲဝံ့စွာပြောဆိုတတ်လာမည့်အပြင် စဉ်းစား တွေးခေါ်မှု စွမ်းရည်ရင့်သန်လာစေရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရေး၊   အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 

ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရာတွင် ဘုန်းတော်ကြီးသင်ပညာရေး အခြေခံပညာ မူလတန်းလွန်ကျောင်း Grade-8 မှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည့်  မောင်အောင်ဘုန်းမြင့်က လူငယ်နှင့်အားကစား၊ မကြာကွယ်က လူငယ်နှင့် စာပေ၊ မဖွေးဖွေးက လူငယ်နှင့်ကျန်းမာရေး၊ မောင်သန်းနိုင်က လူငယ်နှင့်ယဉ်ကျေးမှု မပြည့်ပြည့်ဝင်းက လူငယ်နှင့် စည်းကမ်း စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အပြန်အလှန်မေးခွန်းများ မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။              

မြို့နယ်(ပြန်/ဆက်)