တနိုင်း နိုဝင်ဘာ ၃
ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးနှင့် ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ပညာပေးကို ယနေ့နံနက် (၉)နာရီက အခြေခံပညာမူလတန်းလွန်- ဒူးကောင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဝင်းက မီးဘေးသဘာဝဘေးနှင့် အခြားသောဘေး အန္တရာယ်များနှင့် ပတ်သက်သည့်များအား အသိပညာပေး ဟောပြောကြားပြီး သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသုံးပြုနည်းများကို မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့ သရုပ်ပြခဲ့ကြသည်။
ဆက်လက်၍ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက "လူငယ်နှင့်စာရိတ္တ" ၊ "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတရသ စာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင် တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)