မြစ်ကြီးနား နိုဝင်ဘာ ၃
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာသော အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ ပြည်နယ်ကိုယ်စားပြု အောင်ပွဲရပြည်နယ်ဂုဏ်ဆောင်ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူ၊ နည်းပြများအား ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက လေဆိပ်၌ ကြိုဆိုခဲ့ကြပြီး ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ကချင်ပြည်နယ်အနေဖြင့် ယခင်နှစ် (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး (၁၁)ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် အမှတ်စဉ် (၁၃)သာ ရပ်တည်နိုင်ခဲ့ပြီး ယခုနှစ် ဗဟိုအဆင့်ပြိုင်ပွဲ၌ ပြိုင်ပွဲဘာသာရပ်အမျိုးအစား (၆၅)ခုတွင် ရွှေတံဆိပ် (၃)ခု၊ ငွေ(၅)ခု၊ ကြေးတံဆိပ် (၅)ခုနှင့် နှစ်သိမ့်ဆု (၆)ခုတို့ဖြင့် စုစုပေါင်းဆုတံဆိပ် (၁၉)ဆုတို့ကို ရရှိခဲ့သည့်အပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်တွင် အမှတ်စဉ် (၁၀)နေရာကို တက်လှမ်းနိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြိုင်ပွဲတွင် ဆုများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ နည်းပြ/အုပ်ချုပ်သူများအားလုံးနှင့် ကဏ္ဍ အလိုက် ဝိုင်းဝန်းကူညီပံ့ပိုးသူများအားလုံးကို အထူးပင်ကျေးဇူးတင်ဂုဏ်ယူ ပါကြောင်းနှင့် တစ်နှစ် ထက်တစ်နှစ် ပိုမိုကြိုးစားပြီးကချင်ပြည်နယ်ဂုဏ်ဆောင်သူများဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားသည်။ ဆက်လက်၍ အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများနှင့် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အုပ်ချုပ်သူ၊ နည်းပြများအတွက် ဂုဏ်ပြုပန်း ခြင်းနှင့် အသက် (၁၀ နှစ်နှင့် ၁၅ နှစ်) အမျိုးသားအကပြိုင်ပွဲ၊ ဝါသနာရှင် ဒုတိယအဆင့် အမျိုးသမီးအကပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက အသက် (၁၀ နှစ်နှင့် (၁၅)နှစ် အမျိုးသားမယ် ဒလင်အတီး ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရပြိုင်ပွဲဝင်နှင့် အမျိုးသမီးမဟာဂီတ၊ အမျိုးသားတယောပြိုင်ပွဲတို့တွင် ငွေတံဆိပ် ဆုရပြိုင်ပွဲ ဝင်များကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အမျိုးသမီး ကာလပေါ်အဆို ပြိုင်ပွဲနှင့် အမျိုးသမီးအက ပြိုင်ပွဲတို့တွင် ကြေးတံဆိပ်ဆုရ ပြိုင်ပွဲဝင်များအား လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက နှစ်သိမ့်ဆုရ ရှမ်းတိုင်းရင်းသားအကအဖွဲ့နှင့် လီဆူတိုင်းရင်းသားအဖွဲ့တို့အားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ ပံ့ပိုးသူများနှင့်အတူ လက်ဖက်ရည်၊ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်