မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းပေါင်းစုံ U18 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုးကောင်း နိုဝင်ဘာ ၃

နိုင်ငံတော်က မျှော်မှန်းထားသည့် ကျန်းမာသန်စွမ်းပြီး စိတ်ဓါတ်ကောင်းမွန်သော ထူးချွန်အားကစားသမားများ ပေါ်ထွက်လာရေးနှင့် မိုးကောင်းမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတွင်း မြို့နယ်အတွက် အားထားရမည့် အားကစားသမားများ ရွေးချယ်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ U18 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ(၂)ရက်နေ့ နံနက်(၈)နာရီတွင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲထွန်းအောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဦးစိုင်းထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။

ဆက်လက်၍ ဘင်ခရာတပ်ဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌအား အလေးပြု သရုပ်ပြဖျော်ဖြေပြီး စစ်ကြောင်းမှူး ဦးဆောင်၍ ဘင်ခရာအဖွဲ့နှင့် ပြိုင်ပွဲဝင်အသင်းများ နေရာယူကာ အလံကိုင်အဖွဲ့များနှင့်အတူ အားကစားအဓိဌာန် ရွတ်ဆိုကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အဖွင့်အမှာစကား ပြောကြားပြီး စစ်ကြောင်းမှူးဦးဆောင်၍ ဘင်ခရာအဖွဲ့နှင့် ပြိုင်ပွဲဝင်အသင်များက ဥက္ကဌနှင့် အဖွဲ့ဝင်များအား ချီတက်အလေးပြု ထွက်ခွာခဲ့သည်။

ထို့နောက် အုပ်စု(က)မှ အထက-မန်ရွက်နှင့် နမ္မတီးအုပ်စုတို့က ကျွန်းတောဘောလုံးကွင်း၌ ကစားကြရာ နမ္မတီးအုပ်စုက (၄)ဂိုး-(၀)ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စု(ခ)မှ အထက(၁)မိုးကောင်းနှင့် ပင်းဘောအုပ်စုတို့ မြို့နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂)ဂိုးစီဖြင့် သရေကျခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ U18 ဘောလုံးပြိုင်ပွဲတွင် အုပ်စု(က)၌ (၅)သင်း၊ အုပ်စု(ခ)၌ (၄)သင်းတို့က နိုဝင်ဘာ (၂)ရက်နေ့မှစ၍ အုပ်စုပတ်လည် ကစားကြမည်ဖြစ်ပြီး နိုဝင်ဘာ (၈)ရက်တွင် အုပ်စု(က)အနိုင်အသင်းနှင့် အုပ်စု(ခ)အနိုင်အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)